ပြည်ခိုင်ဖြိုးပါတီအနေနဲ့ UECကိုပြောဆိုတိုင်ကြားနေတာဟာ မဲရလဒ်ကြောင့်ပြောနေတာမဟုတ်

နိုဝင်ဘာ ၂၆-၂၀၂၀
အေးချမ်းသူ(VOM)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြောဆိုတိုင်ကြားနေခြင်းဟာ မဲရလဒ်ကြောင့်မဟုတ်ဘဲ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပဲဖြစ်နေတဲ့အတွက် လုပ်ဆောင်နေရခြင်းဖြစ်တဲ့အပြင် တိုင်ကြားစာပေးပို့ထားရှိမှုမှာလည်း ၉၀၀ နီးပါးရှိပြီဖြစ်တယ်လို့ ဒီကနေ့မနက်ပိုင်း ရန်ကုန်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဒု-ဥက္ကဌဦးခင်ရီက ပြောခဲ့တာဖြစ်ပါတယ်။

” ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး UECကိုတိုင်စာ ၉၀၀ နီးပါးနဲ့ ရဲစခန်းကိုတိုင်ထားတာ တစ်ရာနီးပါးရှိတယ်၊ မဲရလဒ်ကြောင့် ပြောနေလုပ်နေတာမဟုတ်ဘူး၊ လွတ်လပ်ပြီး တရားမျှတမှုမရှိလို့ ပြောနေရတာ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမျှတမှုမရှိ ဘက်လိုက်တဲ့ကိစ္စတွေကို ရေဆုံးမြေဆုံး အမှန်တရားပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သွားမယ်”လို့ ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဌ ဦးခင်ရီကပြောပါတယ်။

ဒီကနေ့မနက် ပြည်ခိုင်ဖြိုးပါတီကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာသတင်းစာရှင်းလင်းပွဲ
ကို ရန်ကုန်မြို့၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်၊ ရန်ကုန်ရုံးခွဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မိတ်ဖက်ပါတီတွေလည်းတက်ရောက်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲကို တက်ရောက်တဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဌဦးသိန်းကြည်ကလည်း “ရလဒ်ကိုပြောနေတာမဟုတ်ဘူး၊ ပွင့်လင်းမြင်သာမှုမရှိဘူး၊ တရားမျှတမှုမရှိဘူးဆိုတာကိုပြောနေတာ၊ ဒါကို ဥပဒေအတိုင်းသွားနေတာ ၊သွားနေတဲ့ ကိစွကို တုံ့ပြန်မှု၊ဆုံးဖြတ်မှု အသိအမှတ်ပြုမှုမလုပ်ဘူးဆိုရင် ဒါသမိုင်းပဲ၊ ဘာဖြစ်မလဲ ဘယ်သူပြောနိူင်မလဲ”လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက်တွေနဲ့ ပြိုင်ဘက် NLDပါတီကိုယ်စားလှယ်လောင်းတွေ ဥပဒေချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဓာတ်ပုံ၊ဗီဒီယိုအထောက်အထားတွေနဲ့ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင်ကလည်း “ဒီရလဒ်တွေကို လုံးဝလက်မခံပါဘူး။ ဆက်လုပ်နေတဲ့ကိစ္စရပ်တွေအပေါ်မူတည်ပြီး အသိပေးလား မပေးဘူးလားဆိုတာ အချိန်စောင့်ကြည့်ရမှာပေါ့”လို့ သတင်းစာရှင်းလင်းပွဲတက်ရောက်ချိန်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့ နိုဝင်ဘာ ၂၄ရက်နေ့က USDPပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီက နိုင်ငံတော်သမ္မတကို ၂၀၂၀ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးအိတ်ဖွင့်စာပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပြည်ခိုင်ဖြိုး #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW