ဆောင်းသီးနှံထုတ်ချေးမှုမှာ လယ်သမားအချို့ ချေးငွေမရတဲ့အတွက် စိုက်ပျိုးစရိတ်အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၈-၂၀၂၀
သိင်္ဂီထွန်း (VOM)

တောင်သူတွေကို ဆောင်းသီးနှံချေးငွေ ထုတ်ချေးရာမှာ အမှန်တကယ်သီးနှံစိုက်ပျိုးတဲ့ လယ်သမားတချို့ ချေးငွေမရရှိတာကြောင့် စိုက်ပျိုးစရိတ် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်အတွက် ဆောင်းသီးနှံ ချေးငွေ ထုတ်ချေးမှုကို အရင်၂၀၁၉ ခုနှစ်က ထုတ်ချေးခဲ့တဲ့ လယ်ဧကတွေအတိုင်းသာ တိုင်းအဆင့်က ရံပုံငွေ ချထားပေးတာကြောင့် အရင်နှစ်ကတည်းက ချေးငွေမရှိခဲ့လို့ ထပ်တိုးတင်ပြလာတဲ့ တောင်သူတချို့ဟာ အခုနှစ်မှာလည်း ချေးငွရရှိဖို့ မသေချာဘူးလို့ သိရပါတယ်။

” ပဲတွေ စလုပ်ရပြီဆိုတဲ့ အချိန်ထဲက မတ်ပဲစိုက်လာတာ အခုထိပဲ။ ဆောင်းသီးနှံ ချေးငွေမရဖူးဘူး။ မနှစ်ကမရတော့ ဒီနှစ်မှာ ချေးငွေရဖို့ ပြောထားတယ်။ ဒါကို ပြီးခဲ့တဲ့ တန်ခူးလမှာ သူ့ကိုထပ်လာပြောဖို့ပြောပြီး ကြားထဲမှာ ဘာမှထပ်မပြောတော့ အဆင်ပြေပြီထင်ခဲ့တာ။ အခု ပိုက်ဆံထုတ်ချေးမယ်ဆိုတော့မှ နာမည်က ပါမလာပြန်ဘူး။ သူပြောတဲ့ တန်ခူးလမှာ သွားပြီးမပြောဖြစ်တဲ့အချက်ပဲရှိတယ်။ အားလုံးကပြောပြီးသား။ အဲ့ဒါကြောင့် အခုရရင်ထည့်ပေးပါအုံးလို့ထပ်ပြောထားရတယ်။ ထပ်တိုး ရရင်တော့ ထည့်ပေးမယ်လို့ပြောတယ်။ အစိုးရချေးငွေရမှ လယ်သမားတွေအသက်ရှုချောင်မယ်။ မဟုတ်ရင် စိုက်ပျိုးစရိတ်ကို ၁၀ ကျပ်တိုးနဲ့ယူပြီး အရင်းလုပ်၊ အချိန်တန် သီးနှံကမထွက်၊ ဈေးကကျဆိုရင် လယ်လုပ်ရင်း ဆင်းရဲနေရတယ်”လို့ ပြည်မြို့နယ်၊ တွင်းဗြည်းအုပ်စု ၊ကြို့ရသာရွာမှ ဦးသိန်းဟံကပြောပါတယ်။

တောင်သူတွေအနေနဲ့ အစိုးရကထုတ်ချေးပေးနေတဲ့ မိုးချေးငွေ၊ ဆောင်းသီးနှံ ချေးငွေ ကို ရယူလိုပါက ချေးငွေထုတ်ချေးမယ့်ကာလမတိုင်မှီကတည်းက သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆက်သွယ်ပြီး စာရင်းပေးသွင်းဖို့လိုအပ်တဲ့အပြင် စီမံကိန်း စိုက်ဧကထဲမှာပါဝင်ဖို့လည်း လိုအပ်တယ်လို့ ပြည်ခရိုင် ၊ပြည်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တာဝန်ရှိသူကပြောပါတယ်။

“အခုငွေချေးချိန်မှ လာပြောတော့ ရံပုံငွေကချပြီးပြီ။ အမှန်က အစောကြီးထဲကပြောရမှာပေါ့။ ကြိုပြောရင်တာ တင်တောင်းပေးလို့ရတယ်။ အခုလည်း တိုင်းမန်နေဂျာကိုတော့ ပြောထားတယ်။ နယ်အတိုးရရင်တော့ နောက်ထပ်ချေးချင်တဲ့သူတွေကိုချေးပေးလို့ရတယ်။ လုံးဝမရဘူးလို့တော့မပြောဘူး။ လက်ရှိကတော့ ချပေးထားတာကတော့ မနှစ်ကေ တာင်သူတွေပဲ အရင်ရအုံးမယ်။ တိုးရနိုင်တယ်ဆိုရင် အသစ်တွေကိုချေးပေးလို့ရမယ်ပေါ့”လို့ ပြည်ခရိုင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်ညိုညိုစိန်ကပြောပါတယ်။

ဒါ့ကြောင့် ထပ်တိုးတင်ပြတောင်းဆိုလာတဲ့ တောင်သူတွေအနေနဲ့ ချေးငွေရရှိဖို့အတွက် တိုင်းအဆင့်ကို တင်ပြတောင်းခံပေးမှာဖြစ်ပေမယ့် ချေးငွေရရှိခြင်း၊ မရရှိခြင်းအပေါ်ကိုတော့ အတိအကျမသိနိုင်ဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ ပြည်ခရိုင်ထဲက ဆောင်းသီးနှံချေးငွေ ပြန်လည်ဆပ်ပြီးသူတွေကို အခုနှစ် ၂၀၂၀ ဆောင်းသီးနှံချေးငွေအနေနဲ့ တစ်ဧကကို ၁ သိန်းကျပ်နူန်း စတင်ထုတ်ချေးနေပြီ ဖြစ်ပါတယ်။

ပြည်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေအနေနဲ့ ကျေးရွာအုပ်စု ၃၃ အုပ်စုက တောင်သူ ၃သောင်း နီးပါး ၊ လယ်ဧက ၁၅၀၀၀ ကျော်ကို ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ပြည်ခရိုင်မှာ ပြည်မြို့နယ်အပါအဝင် မြို့နယ် ၆ မြို့နယ်ရှိပြီး ဆောင်းရာသီ သီးနှံစိုက်ပျိုးမှုက နွေစပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲကြီး၊ မြေပဲ ၊ နှမ်း အနည်းငယ် စိုက်ပျိုးမှုရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #ဆောင်းသီးနှံချေးငွေ #အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW