ပျောက်ဆုံးသွားတဲ့ ၆နှစ်အရွယ် မိန်းကလေး အသတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပြန်တွေ့

နိုဝင်ဘာ ၂၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သာရဝေါမြို့၊ ပျဉ်းကတိုးကုန်းအုပ်စု၊ ဦးတိုကျေးရွာမှာနေတဲ့ ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး မနေ့ နိုဝင်ဘာ ၂၇ရက်နေ့ နေလယ်ပိုင်းကပျောက်ဆုံးခဲ့ပြီး ဒီကနေ့မနက်ပိုင်းက အသတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပြန်‌တွေ့ခဲ့ရတယ်လို့ ကူညီရှာဖွေပေးနေကြသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

” မနက်က ကလေးအလောင်းပြန်တွေ့ခဲ့ချိန် လည်းပင်းနဲ့နှာခေါင်းနေရာတွေမှာ ကြိုးနဲ့ရစ်ပတ်ချည်နှောင်ထားတဲ့ အနေအထားမျိုးတွေ့ရတယ်။ လက်ရှိ သာရဝေါစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်”လို့ လိုက်လံကူညီပေးနေသူတစ်ဦးက ပြောပြပါတယ်။

မနေ့ နိုဝင်ဘာ၂၇ ရက်နေ့က ပျောက်ဆုံးသွားတဲ့ အသက် ၆ နှစ်အရွယ်မိန်း‌ကလေးကို ဒီကနေ့ မနက် ၉ နာရီခန့်က သူနေထိုင်ရာ နေအိမ်ခြံအနီး ခြံအလွတ်တစ်ခုမှာ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ပြန်လည်တွေ့ရှိချိန်မှာတော့ ၆နှစ်အရွယ် အမျိုးသမီး ပန်ထားတဲ့ ရွှေနှားကပ်တစ်ရံလည်း ပျောက်ဆုံးနေတယ်လို့ ပျဉ်းကတိုးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

” လက်တလောမှာ မသင်္ကာသူတို့ ဘာတို့‌ကို ဖမ်းဆီးထားတာမရှိသေးပါဘူး။ ‌ကလေးမခြေထောက်မှာကြိုးချည်ထားတယ်ဆိုတာကလည်း ပုဆိုးစုတ်လေးနဲ့ပါ”လို့ ပျဉ်းကတိုးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်လှိုင်က ပြောပါတယ်။

အဲ့ဒီလူသတ်မှုကို သာရ‌ဝေါနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်စစ်ဆေး‌နေပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လက်ပံတန်း #ပျောက်ဆုံးကလေး #သေဆုံးလျက်ပြန်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW