RDT test kit နဲ့စစ်ဆေးချိန် Negativeတွေ့ပြီး NHLပို့ စစ်ဆေးခဲ့ရာမှာတော့ ကိုဗစ်ပိုးတွေ့ရှိမှုဖြစ်ပွား

နိုဝင်ဘာ ၂၈-၂၀၂၀
သိင်္ဂီထွန်း (VOM)

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ RDT Test Kit နဲ့ စစ်ဆေးချိန် Negative တွေ့ရှိထားသူ ၂ဦးကို နောက်တစ်ကြိမ် swabယူပြီး NHL ပို့ စစ်ဆေးတဲ့အခါမှာတော့ ကိုဗစ်ပိုးရှိနေတာကို သိရှိရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁ ပတ်ကျော်လောက်က RDT နဲ့စစ်ဆေးခဲ့ချိန် Negative ထွက်ထားတဲ့ ၂ ဦးကို နိုဝင်ဘာ ၂၄ ရက်မှာ PCR နဲ့ စစ်ဆေးဖို့ ရန်ကုန်ကိုပေးပို့ခဲ့ရာမှာတော့ ကိုဗစ်ပိုးရှိနေကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့မှာ သိရှိခဲ့ရတာကြောင့် မနေ့ကချက်ခြင်း ပေါက်ခေါင်းဆေးရုံကိုပို့ဆောင်ပြီး ကျန်းမာရေးကုသမှုပေးနေရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် RDT Test Kit နဲ့ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးမှုဟာ စိတ်ချရမှုမရှိတဲ့အခြေအနေဖြစ်နေတာလား၊ ဒါမှမဟုတ် စစ်ဆေးမှုတွေ နည်းစနစ်မကျဖြစ်နေတာလားဆိုတဲ့ ပြည်သူတွေရဲ့ စိုးရိမ်စိတ်အပေါ် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးဌာနမှူး ဒေါက်တာရန်နိုင်မောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့” အခုလိုဖြစ်ရပ်က တစ်နိုင်ငံလုံးမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါပိုးဝင်တဲ့အချိန်နဲ့ ရောဂါပိုးမပြတဲ့အချိန် အဲ့ဒီအတိုင်းအတာ ကွာတာလေးတွေရှိပါတယ်။ အဲ့ဒီအချိန်မှာ ရောဂါပိုးကဝင်နေပြီး ရောဂါပိုးကိုစပ်သပ်မတွေ့နိုင်သေးတဲ့အချိန် ကျနော်တို့က RDT နဲ့စစ်ရင် မတွေ့နိုင်ပါဘူး။ ဒါကြောင့်နောက်တစ်ခါပြန်စစ်တာပါ။ ဒါမျိုးတွေက တွေ့နေရမှာပါ။ RDT နဲ့စစ်တယ်ဆိုတာက Positive ကို ၇၀ ရာခိုင်နှုန်းလောက်ပဲ ရနိုင်တယ်လို့ပြောတယ်။ Positive ဖြစ်တဲ့သူတွေမှာ ရာနှုန်းပြည့်မတွေ့နိုင်ပါဘူး။ RDT ထက်ပိုပြီးကောင်းတာက PC ကပိုပြီးကောင်းပါတယ်”လို့ ပြောပါတယ်။

RDT Test Kit နဲ့ စစ်ဆေးမှုရလဒ်ဟာ ရောဂါလက္ခဏာ ပြသခြင်းမရှိတဲ့သူတွေကို စစ်ဆေးချိန်မှာ ရောဂါအခြေအနေအပေါ် သိရှိနိုင်မှု ၇၀ ရာခိုင်နူန်းလောက်ပဲမှန်ပြီး PUI ထဲထည့်ထားရတဲ့အခြေအနေရှိတဲ့ လူနာတွေကို စစ်ဆေးရင်တောင်မှ ရောဂါအခြေအနေကို ၉၀ ရာခိုင်နှုန်းအမှန်သာ သိရှိနိုင်တယ်လို့ ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။

ဒါကြောင့် RDT နဲ့ စစ်ဆေးတဲ့ ပထမဆုံးအကြိမ်မှာ ပိုးမတွေ့ရှိတဲ့သူတိုင်းကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွန်ချက်အသစ်ချမှတ်ပေးထားတယ်လို့လည်း သိရပါတယ်။

RDT နဲ့ စစ်ဆေးခြင်းဟာ သွေးကိုစစ်တာမဟုတ်ဘဲ အာခေါင်တို့ဖတ် ၊နှာခေါင်းတို့ဖတ်ကို ရယူပြီး ဆေးရည်နဲ့ပေါင်းစပ်ကာ စစ်ရတာဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိပြီးနောက်ပိုင်း ဆက်လက်လုပ်ဆောင်ရတဲ့ကိစ္စတွေ အများကြီးရှိတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနကသာ လုပ်ဆောင်ခွင့်ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် လူမှုကွန်ယက်စာမျက်နှာတွေမှာ ရောင်းချနေတဲ့ Test Kit တွေကို ဝယ်ယူအသုံးပြုခြင်းမပြုဖို့ သတိပေးပြောဆိုထားတွေလည်း ရှိပါတယ်။

Photo – ပေါက်ခေါင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန
#voiceofmyanmar #VOM #ပေါက်ခေါင်း #ကိုဗစ်စစ်ဆေးမှု

Related posts

Leave a Comment

VOM News

FREE
VIEW