ဟုမ္မလင်းမြို့နယ်ပညာရေးမှူးရုံးရှေ့မှာ ဒု- ညွန်ကြားရေးမှူးချုပ် အလိုမရှိကြောင်း စာရွက်တွေကပ်ခံရ

နိုဝင်ဘာ ၃၀-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပညာရေးမှူးရုံးရှေ့ ဆိုင်းဘုတ်ပေါ်မှာ မနေ့ နိုဝင်ဘာ ၂၉ရက် တန်ဆောင်တိုင်လပြည့်နေ့ ညပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ် အလိုမရှိကြောင်း စာသားတွေပါဝင်တဲ့ စာတွေကပ်သွားတယ်လို့ ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” အဲ့ဒီ ကပ်ထားတဲ့စာတွေကို ဒုတိယ မြို့နယ်ပညာရေးမှူး ဦးအောင်အောင်က ည ၁၁ နာရီလောက်မှာ စတင်တွေ့ရှိပြီး ရဲစခန်းကို အကြောင်းကြားခဲ့တာဖြစ်တယ်” လို့ ဟုမ္မလင်းမြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ဟုမ္မလင်းဒေသခံ ဦးကျော်လေးကလည်း ” ပညာရေးမှူးရုံး ဆိုင်းဘုတ်မှာ စာတွေကပ်ထားတယ်လို့ ညကကြားရတော့ သွားကြည့်တယ်၊ ကပ်ထားတဲ့ စာထဲမှာ အာဏာရူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရဲလင်းမြင့် အလိုမရှိ ၊ အထက်ဖား အောက်ဖိ ရဲလင်းမြင့် အလိုမရှိ ၊ လို့ ရေးထားတာ တွေ့ရတယ်”လို့ပြောပါတယ်။

မြို့နယ် ပညာရေးမှူးရုံး ဆိုင်းဘုတ်မှာကပ်ထားတဲ့ စာရွက် ၂ ရွက် ဟာ အဖြူရောင် စာရွက်ပေါ်မှာ မှင်စို အနီရောင်နဲ့ ရေးသားထားတာဖြစ်တယ်လို့ သိရပါတယ်။

” ၂၀၁၉ / ၂၀၂၀ ပညာသင်နှစ်မှာ ပညာရေးဝန်ကြီးဌာနက ခေါ်ယူခဲ့တဲ့ ရာထူးတိုး / ပြောင်းလျှောက်ထားခဲ့တဲ့ ဆရာ ဆရာမတွေဟာ အခြားရာထူးတိုး ပြောင်းလျှောက်ထားသူတွေရဲ့ အမိန့်အစုံအလင် ထွက်ရှိပြီဖြစ်ပေမယ့် သူတို့လျှောက်ထားတဲ့ မူလတန်းကျောင်းအုပ် ရာထူးတိုးပြောင်းအမိန့်နဲ့အဖြေဟာ ဒီကနေ့အထိ ထွက်ပေါ်မလာသေးဘူးဖြစ်နေတယ် ၊ နောက်ပြီး အခြေခံပညာဦးစီးဌာနရဲ့ ၁၆.၁၁.၂၀၂၀ ရက်စွဲပါ ကြေငြာချက်မှာ ကျောင်းအုပ်ရာထူးတိုးပြောင်းတွေကို ဖွဲ့စည်းပုံစနစ်သစ်အရ တဆင့်ကျော်လျှောက်ထားခြင်း ဖြစ်သည့်အတွက် နိုင်ငံဝန်ထမ်းဥပဒေအရ ဆောင်ရွက်လို့မရဘူးလို့ ကြေငြာခဲ့တယ်၊ ရာထူးတိုးပြောင်း ကိစ္စ ဖွဲ့စည်းပုံစနစ်ဟောင်းအရ လျှောက်ထားကြတဲ့ ဆရာ၊ဆရာမတွေဟာ ဖွဲ့စည်းပုံစနစ်သစ်အရ ပယ်ဖျက်ခံရတဲ့အပေါ် ကျေနပ်မှု မရှိတာကြောင့် အခုလို စာတွေကပ်တာဖြစ်နိုင်တယ်”လို့ အငြိမ်းစား ကျောင်းအုပ်ကြီး ဦးဉာဏ်လင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ အခြားမြို့နယ်တွေက ပညာရေးမှူးရုံးတွေမှာ အလားတူ စာရွက်ကပ်တဲ့ ဖြစ်စဉ်တွေ မနေ့ညက ဖြစ်ခဲ့တယ်လို့ သိရပြီး အဲ့ဒီအခြေအနေကို မေးမြန်းနိုင်ဖို့ စစ်ကိုင်းတိုင်းပညာရေးမှူးရုံးကို VOM က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

#voiceofmyanmar #VOM #ဟုမ္မလင်း

Related posts

Leave a Comment

VOM News

FREE
VIEW