အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကို သမ္မတက အနားယူခွင့်ပေးလိုက်ပြီ

ဒီဇင်ဘာ ၁ -၂၀၂၀

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ် ဦးအောင်ကြည်ဟာ သူ့ ဆန္ဒအလျောက် နုုတ်ထွက်ခွင့်တင်ပြီး အနားယူလိုတာကြောင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အနားယူခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။  ဦးအောင်ကြည်နုတ်ထွက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် သိနိုင်ဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွန်ကြားရေးမှူး ဦးကျော်စိုးကို VOM အယ်ဒီတာချုပ် ဦးနေလင်းက ဆက်သွယ်မေးမြန်းကြည့်တော့

 

ဦးကျော်စိုး။  ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆိုတာ ၂၀၁၃ ခုနှစ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဌာန်းပြီးတော့ ပေါ်ပေါက်လာတဲ့ ကော်မရှင်ပါ။ ဥပဒေပြဋ္ဌာန်းပြီးပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မို့  ဥပဒေပြဌာန်းချက်နဲ့အညီပဲ ဆောင်ရွက်လို့ရပါတယ်ခင်ဗျာ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်အားလုံးကိုလည်း ဥပဒေနဲ့အညီပဲ ခန့်အပ်တာတို့ နှုတ်ထွက်တာတို့  ဒီလိုမျိုး ကျနော်တို့ ဆောင်ရွက်ရပါတယ်ခင်ဗျ။ အခု ကော်မရှင်ဥက္ကဋ္ဌကြီး နှုတ်ထွက်ရခြင်း အကြောင်းအရင်းကလည်း အကတိလိုက်စားမှုကော်မရှင်ဥပဒေ ၁၂ (ဂ)အရ မိမိဆန္ဒအလျှောက် နှုတ်ထွက်ခြင်းပဲ ဖြစ်ပါတယ်။

 

VOM။  ။ ဘယ်လိုအကြောင်းကြောင့် နုတ်ထွက်ခွင့်တင်ရတာလဲခင်မျာ့

ဦးကျော်စိုး ။  ။ အခုဥက္ကဋ္ဌကြီး နှုတ်ထွက်ရခြင်းကလည်း နိုင်ငံရေးကြောင့်လည်း မဟုတ်ပါဘူးခင်ဗျ။ စီးပွားရေး ကိစ္စကြောင့်လည်း မဟုတ်ဘူး။ လူမှုရေးကိစ္စနဲ့လည်း မဟုတ်ဘူး။ အစိုးရနဲ့လည်း အဆင်မပြေလို့မဟုတ်ဘူးနော် ဒါဆရာတို့ သိပါတယ် ကော်မရှင်ရဲ့ အများပြည်သူထောက်ခံတဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဆရာတို့သိပါတယ်။ သြဇာရှိတဲ့ ပါတီတွေရဲ့ ပုဂ္ဂိုလ်တွေတောင်မှ ကျနော်တို့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့ စကားတွေပြောတာကို ဆရာတို့လည်း ကြားသိမှာပါနော်။

ဥက္ကဋ္ဌကြီးရဲ့ နှုတ်ထွက်ခွင့်တောင်းခံစာကို နိုင်ငံတော်သမ္မတကြီးဆီကို  နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သွားရောက်တင်ပြခဲ့တာပါ။ ပြီးတော့လည်း ခုနက ကော်မရှင်က ဥပဒေနဲ့အညီပြဌာန်းထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ဆိုတဲ့ စကားအတိုင်းပဲ အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၈ မှာ ဘာပြဋ္ဌာန်းထားလည်းဆိုတော့ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ သက်တမ်းဟာ နိုင်ငံတော်သမ္မတရဲ့ သက်တမ်းနဲ့ အတူတူပဲဆိုတာပြဌဋ္ဌာန်းထားပါတယ်။ ကော်မရှင်အဖွဲ့ဝင် အသီးသီးကလည်း အသက် ၇၅ နှစ်အထက် မကြီးရဘူးဆိုတာ ပုဒ်မ ၉ မှာ ပြဌာန်းထားပါတယ်ခင်ဗျ။ ဒါကြောင့် အခု ဥက္ကဋ္ဌကြီးက အသက် ၇၅ နှစ်ထဲရောက်နေပါပြီ။ နောက်ပြီးတော့ ကော်မရှင်သက်တမ်းကလည်း ဆရာတို့သိတဲ့အတိုင်းပါပဲ  ကုန်ဆုံးကာနီးနေပါပြီ။ ဒါ့အပြင် ဥကဋ္ဌကြီးကိုယ်တိုင် ကျန်းမာရေးကောင်းတဲ့အချိန်မှာ သံသရာခရီးအတွက် ပြင်ဆင်ခြင်ပါတယ်ဆိုပြီး ကျနော်နဲ့ တွေ့တဲ့အချိန်မှာ မကြာခဏပြောဆိုတာတွေရှိပါတယ်။ ဒါကြောင့်မို့ ကော်မရှင်သက်တမ်း မကုန်မီ လအနည်းငယ်စောပြီးတော့မှ အခုလိုနှုတ်ထွက်ရခြင်း ဖြစ်ပါတယ်ခင်ဗျ။

VOM။   ။ ဥက္ကဋ္ဌကြီးက ကျန်းမာရေးကြောင့်  ဆီးကျိတ်ရှိတယ်ဆို ကောလဟာလတွေရှိတယ် အဲ့တာကြောင့် ဟုတ်ပါသလား။

ဦးကျော်စိုး ။  ။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါပဲဆရာ တရက်မှ ရုံးတက်မပျက်ပါဘူး ဆရာ။ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ ဆေးရုံတက်ရတာလည်း မရှိပါဘူးဆရာ။

VOM ။  ။ သမ္မတသက်တမ်း ၄ လ လောက်သာကျန်တော့တာကို ဘာကြောင့် မစောင့်ဘဲ အစောတလျှင်ထွက်ရတာလည်း။

ဦးကျော်စိုး ။  ။ ကော်မရှင်သက်တမ်းက လေးလလောက်ကျန်တာတော့ဟုတ်တယ်လေ။ ဥက္ကဋ္ဌကြီးက စည်းစနစ်ကျကျနဲ့  ဘယ်အချိန်ဘာလုပ်မယ်ဆိုတာ အစီအစဉ်တကျနဲ့ ဆွဲပြီးတော့ လုပ်တတ်တဲ့ဟာရှိတယ်။ ဒါကြောင့်မို့ ကော်မရှင်တာဝန်ထမ်းဆောင်တဲ့ အချိန်မှာတောင် စည်းစနစ်ကျကျနဲ့ လုပ်တက်တာကြောင့် ဒီလောက်အထိ ကော်မရှင်က ပြည်တွင်းမှာဖြစ်ဖြစ် နိုင်ငံတစ်ကာမှာ ဖြစ်ဖြစ် ဒီလောက်ထိ တိုးတက်တယ်ဆိုတာ အသိအမှတ်ပြု ကြတာပေါ့ ဆရာ။ ကော်မရှင်မှာ တာဝန်စပြီး ထမ်းဆောင်ကတည်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာတွေကို ရေးဆွဲပြီးတော့မှ နှစ်စဉ်လုပ်ငန်းအစီအစဉ်တွေချပြီးတော့မှ ကော်မရှင်အဖွဲ့ဝင်တွေပါဝင်တဲ့ လုပ်ငန်းကော်မတီကမှ ဘယ်ကော်မတီက ဘာလုပ်ငန်းလုပ်၊ အကတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ လုပ်ငန်းတာဝန် သုံးရပ်ရှိတယ်။ အသိပညာပေးနဲ့ ပတ်သက်ပြီးတော့မှ စုံစမ်းစိစစ်ရေးတို့ ဒီဟာတွေကို သူက လုပ်ငန်းစီစစ်ရေးတို့ ဘယ်ကော်မတီက ဘာလုပ်ဆိုပြီး အစီအစဉ်တကျနဲ့ ဆောင်ရွက်တတ်တဲ့ သူတစ်ယောက်ပါခင်ဗျာ။

VOM။   ။နိုင်ငံတော်သမ္မတကရော ခွင့်ပြုပြီးလားခင်ဗျ။

ဦးကျော်စိုး ။  ။ ဒီနေ့ပဲ နှုတ်ထွက်ခွင့် စာလေး ကော်မရှင်ကို ရောက်ရှိပါတယ်ခင်ဗျ။

VOM ။   ။ ဥက္ကဋ္ဌကြီး လက်ထက်မှာ အမှုပေါင်း ဘယ်လောက် အရေးယူနိုင်ခဲ့လည်းခင်ဗျ။

ဦးကျော်စိုး ။  ။ ဥက္ကဋ္ဌကြီးလက်ထက်မှာ ၂၀၁၈ က စုံစမ်းစစ်ဆေးခဲ့တဲ့တိုင်ကြားစာ ၄၆ စောင်ရှိပါတယ်။ ၂၀၁၉ မှာ ကျနော်တို့ စုံစမ်းစစ်ဆေးခဲ့တဲ့ တိုင်ကြားစာ ၈၄ စောင်၊ ၂၀၂၀ ဇန်နဝါရီကနေ အောက်တိုဘာအထိ တိုင်ကြားစာ  ၆၃ စောင်ရှိပါပြီခင်ဗျ ၊ အဲ့ထဲမှာမှ ဥပဒေနဲ့အညီ တရားစွဲဆို ဆောင်ရွက်နိုင်တာ ၂၀၁၈ မှာ အဆင့်မြင့်အရာရှိနဲ့ အရာထမ်း၊ အမှုထမ်း၊ ပြည်သူ့ဝန်ထမ်း တခြားအရေးယူနိုင်ခဲ့တာ  ၄၆ ယောက်၊ ၂၀၁၉ မှာ ၈၁ ယောက် ၊ ၂၀၂၀ အောက်တိုဘာထိ ၂၉ ယောက်ထိကိုဆောင်ရွက်ခဲ့တာတွေတော့ အသိပေးချင်ပါတယ်ခင်ဗျ။

VOM။   ။ ကော်မတီရဲ့ သက်တမ်းကျန်တဲ့ ၄ လအတွက် ဥက္ကဋ္ဌအသစ် ထပ်တင်ရအုံးမှာလားခင်ဗျ။

ဦးကျော်စိုး ။  ။ လောလောဆယ် နိုင်ငံတော်သမ္မတရုံးကနေ ဥက္ကဋ္ဌကြီးကို မိမိသဘောဆန္ဒအရ နှုတ်ထွက်ပိုင်ခွင့်ပြုတယ်ဆိုတဲ့  ညွှန်ကြားစာလေးပဲ ရရှိပါသေးတယ်ခင်ဗျ။

VOM ။  ။ ဥက္ကဋ္ဌကြီးရဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်း ၃ နှစ်ကာလအတွင်းမှာ အလေးစားဆုံးလုပ်ဆောင်ချက်ဆိုရင် ဘာတွေလို့ ပြောနိုင်မလဲ

ဦးကျော်စိုး ။  ။ “ တာဝန်ယူခဲ့တဲ့ ကာလအတွင်းလေးမှာ တကယ် ကျနော်တို့ အဖို့မဖြတ်နိုင်တဲ့ ဗဟုသုတတွေ အတွေ့အကြုံတွေလည်းရတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်လို သင်ကြားပြသမှုတွေ အများကြီးပေးနိုင်ခဲ့တယ်။ ဒါတွေက ကနော်တို့အတွက် အဖိုးမဖြတ်နိုင်ခဲ့တဲ့ အရာတွေပါခင်ဗျ။ ၂၈ ရက်နေ့က ကော်မရှင်ရုံးဝန်းထမ်းတွေကို မှာကြားချက် ၃ ချက် ဒါတွေကို ကျနော်မျှဝေပေးခြင်လို့ပါခင်ဗျ၊ အဲ့ဒီမှာ သူက ပြည်သူလူထုအပေါ်မှာပဲ ဖြစ်ဖြစ်၊ ဝန်ထမ်းအခြင်းခြင်းအပေါ်မှာပဲ ဖြစ်ဖြစ် ဘာပဲလုပ်လုပ် စေတနာထားဖို့၊ လုပ်ငန်းတာဝန်ထမ်းဆောင်ရာမှာအာဃာတ တရားကင်းပြီး မနာလိုဝန်တိုစိတ်မရှိဘဲ ပရောဖက်ရှင်နယ်ဖြစ်ဖို့၊ အများအကျိုးနိုင်ငံအကျိုး ယုံကြည်စွာဆောင်ရွက်နိုင်ဖို့ အလေးအနက်ထား မှာကြားသွားပါတယ်။”အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွန်ကြားရေးမှူး ဦးကျော်စိုးက ဖြေပါတယ် ။

ဦးအောင်ကြည်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာတော့ သူအနားယူရတဲ့ အကြောင်းကို ခုလိုရေးထားပါတယ်။

ကျွန်တော်သည် ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းမှစတင်၍ ဧကောယနော မဂ္ဂေါ တစ်ကြောင်းတည်းသောလမ်းကို ကိုယ် နုတ် နှလုံး သုံးပါးစလုံး စောင့်ရှောက်လျက် လျှောက်လှမ်းသွားနိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုမျာကို တနှစ်ကျော်အချိန်ယူ၍ အဘက်ဘက်မှပြင်ဆင်မှုအဆင့် အားလုံး၌ အဆင်ပြေချောမွေ့စွာ ပြီးမြောက်ခဲ့ပြီးဖြစ်ပါသည်။

ဤခရီးသည် ကိလေသာစင်ကြယ်စေရန် သောကပရိဒေဝကို လွန်မြောက်စေရန် နှစ်ရှည်ပွားများအားထုတ်သွားရသည့် ခရီးဖြစ်ပါသောကြောင့် Ko Tuu အမည်နှင့် Aung Kyi  အမည်တို့ဖြင့် ဖွင့်လှစ်ထားသော ကျွန်တော်၏ ဖေ့ဘုတ်ဟာမျက်နှာများကို ဒီဇင်ဘာ ၁၂ ရက်နေ့မှစတင်၍ အပြီးတိုင်ပိတ်သိမ်းသွားတော့မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်၊ မိတ်ဆွေများက မျှဝေပေးအပ်ခဲ့သည့် တန်ဖိုးရှိသောအကြံဉာဏ်များ အတွေးအခေါ် အယူအဆများ ဆွေးနွေးဝေဖန်မှုများ သတင်းစကားများနှင့် ပူးပေါင်းဆောင်ရွက်မှုများအားလုံးအတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ရိုးသားဖြူစင်စွာနုတ်ခွန်းဆက်သလိုက်ပါကြောင်း ဖေါ်ပြအပ်ပါသည်ဆိုပြီး ရေးသားထားပါတယ်။

 

ဦးအောင်ကြည်ဟာ စစ်အစိုးရလက်ထက်မှာ အငြိမ်းစားဗိုလ်ချုပ် ဖြစ်ပြီး အလုပ်သမား ဝန်ကြီး၊ ဆက်ဆံရေး ဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်။ ၂၀၁၄ ဇူလိုင် ၂၉ မှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးကနေ  နုတ်ထွက်ခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့မှာ  သမ္မတဦးထင်ကျော်ကနေ  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါတယ်။  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂ဝ၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်မှာ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး အတည်ပြုပေးခဲ့ပါတယ်။  အဲဒီ ဥပဒေအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးနဲ့  ၂၅-၂-၂၀၁၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒုတိယအကြိမ် ကော်မရှင်ကိုတော့  ဥက္ကဋ္ဌဦးအောင်ကြည်၊ အတွင်းရေးမှူးဦးစန်းဝင်းအပါအဝင် အဖွဲ့ဝင် (၁၂)ဦးနဲ့ ၂၃-၁၁-၂၀၁၇ ရက်နေ့မှာ ဖွဲ့စည်းပြီး ကော်မရှင်ရဲ့ သက်တမ်းဟာ သမ္မတသက်တမ်းနဲ့ အတူတူဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဦးအောင်ကြည် #အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

 

ဓါတ်ပုံ (ACCM)  

 

Related posts

Leave a Comment

VOM News

FREE
VIEW