အဖွဲ့အစည်းတချို့ရဲ့ ဆက်ကြေးကောက်၊ ပြန်ပေးဆွဲနေတာတွေကို ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံစာထုတ်ပြန်

ဒီဇင်ဘာ ၅-၂၀၂၀
မောင်တာရာ (VOM)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အဖွဲ့အစည်းအချို့မှ ဆက်ကြေးကောက်တာနဲ့ ပြန်ပေးဆွဲတာတွေကို ပြုလုပ်နေတဲ့အပေါ် ရပ်တန့်ပေးဖို့အတွက် မိုးကုတ်မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ မေတ္တာရပ်ခံစာထုတ်ပြန်ခဲ့ပါတယ်။

မိုးကုတ်မြို့ဟာ တိုင်းရင်းသားလူမျိုးပေါင်စုံ စုစည်းညီညွတ်စွာ စုပေါင်းနေထိုင်တဲ့ မြို့တမြို့ဖြစ်ပြီး ကျောက်မျက်လုပ်ငန်းအပေါ်မှာ မှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုနေရပေမယ့်လည်း ကျောက်မျက်တရားဝင်တူးဖော်မှုမှာ ရပ်တန့်သလောက်နီးပါးဖြစ်နေတယ်လို့ မေတ္တာရပ်ခံစာမှာပါရှိပါတယ်။

နှစ်( ၈၀၀)ပွဲတော် ကျင်းပပြီး ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်ကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ကြိုးစားနေတဲ့ အခိုက်အတန့်ဖြစ်တဲ့အတွက် အခုအခါ အဖွဲ့အစည်းအချို့က စာပို့ခြင်း၊ဆက်ကြေးကောက်ခြင်း၊ပြန်ပေးဆွဲခြင်းတွေ ပြုလုပ်တာတွေက သက်ဆိုင်ရာ လူအဖွဲ့အစည်းကို စိုးရိမ်ပူပန်ကြောင့်ကြမှုတွေ ဖြစ်စေတဲ့အတွက် အဲ့ဒီလို ပြုလုပ်တာတွေကို ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

”မည်သည့်အဖွဲ့ ဖြစ်ပါစေ ငြိမ်းချမ်းနေတဲ့ မိုးကုတ်မြို့အေးချမ်းမှုကို ပြန်ရချင်တယ်၊ တမြို့လုံး ထိတ်လန့်ပြီး နေနေရတယ်၊ ဘယ်အချိန် ကိုယ်ကိုခြိမ်းခြောက်ခံရမလဲဆိုတာ စိုးရိမ်စိတ်တွေကြောင့် မည့်သည်လက်နက်အဖွဲ့မဆို ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံထားတာပါ၊ တောင်းဆိုထားပါ၊ ကျွန်တော်တို့မှာ လက်နက်မရှိပါဘူး၊ မေတ္တာရပ်ခံရုံကလွဲပြီး ဘာမှမလုပ်နိုင်ပါဘူး”လို့ မိုးကုတ်မြို့၊ မြို့မိမြို့ဖ အဖွဲ့ဝင် ဦးတင်နိုင်လင်း ပြောပါတယ်။

မိုးကုတ်မြို့နယ်က စံပြကိတ်မုန့်ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းကို လက်နက်ကိုင်လူတစုက ဒီဇင်ဘာလ ၄ ရက်နေ့မနက်ပိုင်းက အောင်ချမ်းသာရပ်ဈေးကလေးအနီးမှာ ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုးကုတ်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၆၄နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့နယ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေက လုပ်ငန်းရှင်သူဌေးတွေကို ပြန်ပေးဆွဲတာ၊ ဆက်ကြေးကောက်ခံတာတွေမကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မိုးကုတ် #ဆက်ကြေးကောက်တာတွေမလုပ်ဖို့ #မေတ္တာရပ်ခံစာထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW