ကားလမ်းဘေးရှိ မြောင်းအတွင်း တရားမဝင်ငါးဖမ်းတယ်လို့ဆိုကာ ရေချိုငါးလုပ်ငန်းဥပဒေနဲ့အမှုဖွင့်

ဒီဇင်ဘာ ၉-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ရွှေတော်မှော် -မော်ကျွန်း ကားလမ်းဘေးက မြောင်းအတွင်း ငါးဖမ်းခဲ့သူကို တရားမဝင်ငါးဖမ်းဆီးတယ်လို့ဆိုပြီး မအူပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ရေချိုငါးလုပ်ငန်းဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

”ကျွန်တော့်ကို ရဲတစ်ယောက်က လာခေါ်ပါတယ်။ စခန်းမှူးကတွေ့ချင်လို့လို့ပြောပါတယ်၊ ကျွန်တော့်မိန်းမ မသီတာရယ် ကျွန်တော်ရယ် ကျွန်တော်သမတ် ဘောက်ကြီးရယ် သွားပါတယ်၊ ဟိုရောက်တော့ ရေချိုဥပဒေ နဲ့ အမှုဖွင့်ထားတယ်တဲ့ အချုပ်ထဲဝင်လို့ပြောပါတယ်၊ ဒီလိုသွင်းလို့ရလားလို့ မေးတာ့၊ သွင်းလို့ ရတယ်တဲ့ တရားစွဲထားတယ်တဲ့၊ အဲ့ဒါနဲ့ ကျွန်တော်တို့ကို အချုပ်ထဲသွင်းလိုက်ပါတယ်၊ ရဲတစ်ဦးက ကျွန်တော်မိန်းမကိုဆဲတယ်”လို့ ဖမ်းဆီးခံရသူ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

မအူပင်မြို့နယ် ရွှေတော်မှော် -မော်ကျွန်း ကားလမ်းဘေးရှိ မြောင်းအတွင်း တရားမဝင်ငါးဖမ်းတယ်ဆိုပြီး ဒေါ်သီတာ အပါအဝင် ၄ ဦးကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ပြီး အဖမ်းခံရတဲ့ ဒေါ်သီတာက ‘ ငါတို့က အချုပ်ထဲလည်းမရောက်ဖူးဘူး? နင်တို့ကလည်းဟာ’လို့ ပြောဆိုတာကို ရဲစခန်းအတွင်းရှိ ရဲတစ်ဦးက ဆဲဆိုတာတွေပြောခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

“ကျွန်မတို့က ပြည်သူပိုင်မြောင်း ဘေးမဲ့မြောင်းလို့ပဲ သိထားတာဖြစ်ပါတယ်။ ကျွန်မတို့ ငယ်ငယ်လေးကတည်းက ဒီမြောင်းက အများပြည်သူတွေ လွပ်လွပ်လပ်လပ် ရှာဖွေစားသောက်ခဲ့ကြတဲ့ ပြည်သူပိုင်မြောင်းပါ၊ ဒါကြောင့်မို့လို့လည်း လွတ်လွတ်လပ်လပ်ရှာဖွေစားသောက်ခဲ့ တာဖြစ်ပါတယ်၊ ဒါကို ငါးလုပ်ငန်းက အမှုဖွင့်လို့ ဖမ်းဆီခံရပါတယ်၊ နောက် ရဲစခန်းရောက်တော့လည်း ရဲတပ်သားတစ်ဦးက ဆဲဆိုခဲ့တယ်”လို့ ဖမ်းဆီးခြင်းခံရတဲ့ ဒေါ်သီတာကပြောပါတယ်။

ဒေသခံ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင် ဦး
မြင့်သန်းကလည်း ” အဲ့ဒီမြောင်းက အုပ်ချုပ်ရေး အဆက်ဆက် ပြည်သူ‌တွေ ရှာဖွေစားသောက်နေတဲ့ ဘေးမဲ့မြောင်းဖြစ်တယ်၊ ငါးလုပ်ငန်း ဦးစီးဌာနနဲ့ပူးပေါင်းပြီး အင်းသမားတွေက ယူထားတာဖြစ်တယ်။ လမ်းဘေးဝဲယာက ပြည်သူတွေက အမှီပြုပြီးရှာစားနေကြတာဖြစ်ပါတယ်။ ဒါကို တစ်ဦးပိုင်အနေနဲ့ ငါးလုပ်ငန်းက ချပေးလိုက်တာဖြစ်တယ်”လို့ ပြောပါတယ်။

မအူပင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဖြိုးမြတ်ကျော်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ”အခု မအူပင်- မော်ကျွန်း ကားလမ်းဘေးဝဲယာမှာရှိတဲ့ မြောင်းကို ပတ်တန်း အင်းဂရမ်ထဲထည့်သွင်းထားတာဖြစ်ပါတယ်၊ အဲ့ဒီပိုက်ချပြီး ငါးဖမ်းနေတဲ့ ရွှေတောင်မှော်က ရေလုပ်သားတွေကို စီးပွားဖြစ်ငါးကိရိယာ လိုင်စင်မရှိဘဲ ငါးဖမ်းတဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ- ၅၉(က)နဲ့ လိုင်စင်မဲ့မှုကို ကျူးလွန်တဲ့အတွက် ကျွန်တော်တို့က ရွှေတောင်မှော်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားတာဖြစ်ပါတယ်၊ မနှစ်ကတည်းက ပြဿနာတစ်ခုရှိခဲ့လို့ သက်ဆိုင်ရာ ရွှေတောင်မှော်အုပ်ချုပ်ရေးမှူးကို ဒီမြောင်းက ပတ်တန်းအင်းရဲ့ဧရိယာထဲပါဝင်တယ်ဆိုတဲ့အကြောင်းကို ရေလုပ်သားတွေသိရှိဖို့ အကြောင်းကြားစာပို့ထားပါတယ်၊ အင်းကကြေးတိုင်းအင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ကို လိုင်စင်မရှိဘဲ ငါးဖမ်းဆီးတဲ့အမှုနဲ့ တရားစွဲထားတာဖြစ်ပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ် ၅၀၀၀၀ ကျပ်နဲ့ ထောင်ဒဏ် ၆ လ ကျခံရနိုင်တယ်လို့ မအူပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #မအူပင်

Related posts

Leave a Comment

VOM News

FREE
VIEW