သထုံမြို့မှာ ကိုဗစ်လူနာနဲ့ ထိတွေ့သူတွေကို Home ကွာရန်တင်းသာ ထားတော့မယ်

ဒီဇင်ဘာ ၉-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေမ‌ှာ ကိုဗစ် အတည်ပြုလူနာတွေနဲ့ ထိတွေ့မိသူတွေကို Quarantine Center တွေမှာ ထားရှိတဲ့ စနစ်ကနေ နေအိမ်မှာသာ စောင့်ကြည့် သွားတော့မယ်လို့ သထုံမြို့နယ် Covid-19 ကာကွယ် ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံပြန်ရေးကော်မတီကနေ သိရပါတယ်။

” အရင်စခန်းတွေကတော့ ထားရှိရဦးမှာပါ၊ ဒီဇင်ဘာ ၉ ရက်နေ့ကစပြီး ရောဂါပိုးတွေ့လူနာနဲ့ထိတွေ့မိသူကို Home Quarantine ထားမယ်၊ ထူးခြာမှဆေးရုံ Fever Clinic ပြသခိုင်းပါမယ်။ ဘာလို့လဲဆိုတာကို မသိဘူး။ ပြည်နယ်အစိုးရ ညွှန်ကြားချက်ပါ”လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ပြောပါတယ်။

ပြောင်းလဲလိုက်တဲ့စနစ်အရ နေအိမ်မှာ ၁၄ ရက် နေထိုင်‌ပြီး အဲ့ဒီ နေအိမ်ကို Lock Downချကြောင်း စာကပ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြောင်းလဲလိုက်တဲ့အတွက် ပရိုင်မာရီကွန်တက်သမားတွေဟာ နေအိမ်ကို ပစ်ထားဖို့မလိုအပ်တော့တဲ့အပြင် ကွာရန်တင်းစင်တာတွေအတွက် ကုန်ကျစရိတ်‌ လျော့ချ‌ပေးသွားနိုင်မှာဖြစ်ပြီး စင်တာတွေမှာလည်း ရောဂါကူးစက်သူဦးရေမြှင့်တက်နေတာကို လျော့ချနိုင်မှာဖြစ်တယ်လို့ သထုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

Covid-19အတည်ပြုလူနာနဲ့ ထိတွေ့သူတွေကို နေအိမ်မှာနေထိုင်စဉ် အတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့စည်းတွေက ထိန်းသိမ်းစောင့်ကြည်မှာဖြစ်တဲ့အပြင် စား‌ရေး‌သောက်‌ရေးအတွက်နဲ့ လိုအပ်တဲ့ကိစ္စတွေကိုပါ ကူညီ‌ပေးသွားမယ်လို့ သိရပါတယ်။

သထုံမြို့နယ်အတွင်းရှိ FQစခန်းတွေမှာ ကိုဗစ်ရောဂါပိုးတွေ့သူနဲ့ထိတွေ့မိခဲ့သူတွေကို နေအိမ်မှာ‌ထားရှိမယ့် ညွန်ကြားချက်ကို ပြည်နယ်ဝန်ကြီးချုပ်က တိုက်ရိုက် ညွှန်ကြားခဲ့တာဖြစ်ပြီး ပြည်ထောင်စုအဆင့်ညွန်ကြားမှုလို့သာ ယူဆရတယ်လို့ မွန်ပြည်နယ်လူမှု‌ရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ရှင်းပြပါတယ်။

သထုံမြို့နယ်မှာ ဒီကနေ့အချိန်ထိ Covid-19 ဓါတ်ခွဲအတည်ပြုလူနာ ၃၄၀ ကျော်ရှိလာပြီး သထုံမြို့ဆေးရုံအပါအဝင် Quarantine စခန်း
များမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံထားသူဦးရေ ၃၀၀ နဲ့အ
ထက် ရှိ‌နေတယ်လို့ သထုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့စည်းတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #သထုံ #ကိုဗစ်

Related posts

Leave a Comment

VOM News

FREE
VIEW