USDP ကိုယ်စားလှယ်လောင်း အပါအဝင် လူ ၃ ဦးကို ၅၀၅(ခ)နဲ့ တရားစွဲ

ဒီဇင်ဘာ ၉-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအပါအဝင် လူ ၃ ယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စီးစေမှုပုဒ်မ ၅၀၅(ခ)နဲ့ ပုလဲမြို့နယ်တရားရုံးမှာ မနေ့ နိုဝင်ဘာ ၈ ရက်က ဦးတိုက်လျှောက်ထားပြီး တိုင်တန်းထားတယ်လို့ သိရပါတယ်။

“ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောမောင် ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ဆွေ နဲ့ ဦးညိုရောင် ၃ ယောက်က နိုင်ငံတော်အကြည်ညိုပျက်စေအောင် ဟောပြောခဲ့တာလို့ စွပ်စွဲပြီး ဦးအောင်အောင်က တရားလိုလုပ်ပြီး မြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက် တိုင်တန်းခဲ့တာဖြစ်တယ်”လို့ အမည်မဖော်လိုတဲ့ တရားရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အဲ့ဒီ တိုင်တန်းချက်ကို ပုလဲမြို့နယ်တရားရုံးမှာ ရာကြီးအမှတ် ၃၆၂/ ၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(ခ) အရ အထူးရာဇဝတ်အာဏာနဲ့ တရားသူကြီး ဒေါ်ဇာလီဝင်းက လက်ခံဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေတယ်လို့ စွပ်စွဲခံရသူတွေဟာ အောက်တိုဘာ ၂၆ မနက်ပိုင်းက ပုလဲမြို့နယ်၊ အင်တိုင်းသာကျေးရွာ၊ ရွာလယ်ဇရပ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး ဟောပြော မဲဆွယ် စည်းရုံးခဲ့တာကြောင့် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်ခဲ့ရတဲ့အတွက် အခုလိုတိုင်တန်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

” အမှုဖွင့်တယ်လို့တော့ ကြားရတယ် ၊ တရားရုံး ဦးတိုက်လျှောက်တဲ့ ကိစ္စဆိုတော့ ဘာမှ မသိရသေးဘူး”လို့ ပုလဲမြို့နယ် ရဲတပ်ဖွဲ့ရုံးက တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတယ်လို့ အစွပ်စွဲခံရပြီး တရားစွဲခံရတဲ့သူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဆီကို VOM က ဖုန်းဆက်သွယ်ခဲ့ပေမယ့် အခုထိ ဆက်သွယ်လို့ မရသေးပါဘူး။

#voiceofmyanmar #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW