မြေနုကျွန်းပြဿနာ ဖြေရှင်းမပေးတဲ့ ကျေးရွာလယ်/စီကို အရေးယူပေးဖို့ ဒေသခံအချို့ဆန္ဒဖော်ထုတ်

ဒီဇင်ဘာ ၁၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဝါမြို့၊ စပ်စုကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ
ဥက္ကဋ္ဌ နဲ့ မြေစာရင်းဌာနကို မြေနုကျွန်းပြဿနာ ပြေလည်အောင်‌ ဖြေရှင်းစီမံပေးခြင်းမရှိဘူးလို့ဆိုပြီး ဒေသခံ တောင်သူ ၂၀ ကျော်က ဒီကနေ့မနက်ပိုင်းက စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ကျေးရွာဥက္ကဋ္ဌ နဲ့ သူ့လူတွေက စိုက်ပျိုးလုပ်ကိုင်နေသူတွေကို ရန်ရှာတယ်။ ဝန်ကြီးချုပ်ညွန်ကြားချက်ကို အရေးတယူမလုပ်ပေးဘဲ ကျွန်တော်တို့လုပ်ကိုင်စားသောက်လာတာ ၉ နှစ်လောက်ရှိတဲ့ စိုက်ခင်သီးနှံတွေကို ဖျက်ဆီးတယ်။ ပြီးတော့ တိုင်ချင်ရာတိုင်ပုံစံလုပ်နေလို့ ကျေးရွာလယ်/စီ နဲ့မြေစာရင်းဌာနကို အရေးယူပေးဖို့ဆန္ဒပြတာပါ”လို့ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဦးတိုးဝင်းက ပြောပါတယ်။

စပ်စုကျေးရွာအနီး စစ်တောင်းမြစ်ကမ်း မြေနုကျွန်းတွေကို မူလ‌ လယ်သမားတွေနဲ့မြေယာ‌မဲ့တွေကို ဧက ၅၀၀ ကျော်ချထားလုပ်ကိုင်ခွင့်ပေးထားပြီး အခုဆန္ဒဖော်ထုတ်နေသူ ဦးတိုးဝင်းနဲ့ အပေါင်းအပါ ၇၄ ဦးကို ခွဲဝေချထားတဲ့ မြေဧကများသာ ပြဿနာဖြစ်ပွားနေကြတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

” ဝန်ကြီးချုပ်ကိုယ်တိုင် တစ်ဦးနှစ်ဧကပေးလိုက်ပါပြောတာကို သူတို့က မြေစာရင်းနဲ့ပေါင်းပြီး ခြိမ်းခြောက်အနိုင်ကျင့်တယ်။ညွန်ကြားချက်တိုင်းမလုပ်ပေးလို့ဆန္ဒပြတာ”လို့ ဆန္ဒဖော်ထုတ်ရာမှာပါဝင်တဲ့ ဦးဖိုးလုံးကပြောပါတယ်။

စပ်စုကျေးရွာဒေသခံ မြေယာမဲ့အချို့ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မြေနုကျွန်းတွေဟာ၂၀၁၂ ခုနှစ်ခန့်က စတင်လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်ကတစ်ကြိမ်၊ အခုနှစ်အတွင်းက တစ်ကြိမ် ကျေးရွာဥက္ကဋ္ဌ နဲ့ အပေါင်းပါတွေက စိုက်ပျိုးသီးနှံတွေကို ဖျက်ဆီးပစ်ခဲ့တာကြောင့် နစ်နာမှုတွေအပေါ် ဖြေရှင်းပေးဖို့ဒေသခံတောင်သူအချို့က တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

စပ်စုကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်သလို ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဦးစိန်ဝင်းက ” အခု ဆန္ဒဖော်ထုတ်သူတွေကို ဥပဒေဘောင်အတွင်းက အမြဲကူညီပေးထားပြီး တောင်ဆိုသူတွေအနေနဲ့ ဥပဒေပါ အချက်လက်တွေကို ကျော်လွန်ပြီး မရသကဲ့သို့ မိမိကိုယ်တိုင်လည်း ဥပဒေဘောင် ကျော်လွန်ပြီး လုပ်ကိုင်ဆောင်ရွက်ထားခြင်းမျိုးမရှိဘူး”လို့ ရှင်းပြပါတယ်။

ပဲခူးတိုင်း လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီမှ ဆုံးဖြတ်ပေးထားတာဟာ ဦးတိုးဝင်းနဲ့အပေါင်းပါ ၇၄ ဦးကို ‌မြေနုကျွန်းဧက ၆၇ ဒဿမ ၄၅ ဧကကို ခွဲဝေချထားပေးဖို့သာဖြစ်ပြီး တစ်ဦးကို နှစ်ဧကဆိုတဲ့ကိစ္စကတော့ သက်သေအထောက်ထားမရှိကြောင်း ဝေါမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Photo-ဦးမျိုး
#voiceofmyanmar #VOM #ဝါမြို့ #မြေနုကျွန်းပြဿနာ #ဆန္ဒဖော်ထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW