ဟဲဟိုးလေဆိပ်ကို လေယာဉ်တွေ စတင်ဆိုက်ရောက်

ဒီဇင်ဘာ ၁၆-၂၀၂၀
နေနန်းနွယ်(VOM)

ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဟဲဟိုးလေဆိပ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကစတင်ကာ လေယာဉ်တွေ စတင်ဆိုက်ရောက်တော့မှာဖြစ်ပြီး ဟဲဟိုးလေဆိပ် Departure- 2 လေဆိပ်ထွက်ခွာဆောင် ၂မှာလည်း လေယာဉ်တွေ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။

“ရှမ်းပြည်နယ်အတွင်းကို ဝင်လာတဲ့ ခရီးသည်တွေက ၃၆ နာရီအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပေးထားတဲ့ Covid-19 ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ထားတဲ့ တောင်ကြီးမြို့၊ BH Hotelမှာ Hotel Quarantine ၇ ရက်ထိုင်ရမည်ဖြစ်ပါတယ်၊ အဲ့ဒီ ခရီးသည်တွေကို ဟဲဟိုးလေဆိပ်ကနေ BH Hotelကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်ထားတဲ့ မော်တော်ယာဉ်နဲ့ ပို့ဆောင်သွားမှာဖြစ်ပါတယ်၊ ရှမ်းပြည်နယ်အတွင်းကနေ အခြားဒေသတွေကို လေယာဉ်နဲ့ သွားမယ်ဆိုရင် ခရီးသည်တွေက လေယာဉ်လက်မှတ်ပြပြီး စဝ်စံထွန်းဆေးရုံ၊ အေးသာယာတိုက်နယ်ဆေးရုံ၊ ကလောမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်‌တွေမှာ တစ်ဦးကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ စစ်ဆေး ထွက်ခွာနိုင်မှာပါ၊ လေယာဉ်မထွက်ခွာမီ ဖြည့်စွက်ရမယ့် ကိုယ်ရေးအချက်အလက်တွေကို ပြည့်စုံစွာဖြည့်စွက်ဖို့တော့ လိုပါတယ်”လို့ ဟဲဟိုးပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာ ကျော်ဗိုလ်ထက်ကပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းကို အခြားတိုင်းဒေသကြီး၊ပြည်နယ်တွေက လေကြောင်းလိုင်းနဲ့ ဝင်ရောက်မယ့်သူတွေ၊ စီးနင်းလိုက်ပါမယ့်သူတွေလိုက်နာဖို့ စည်းကမ်းချက် (၁၉) ချက်ကို ရှမ်းပြည်နယ်အစိုးရဖွဲ့က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လေယာဉ်ကွင်းမှာ check-in ဝင်ချိန် Rapid Antigen Diagnostic Test Kit (RDT) နဲ့ လွန်ခဲ့တဲ့ ၃၆ နာရီအတွင်း ဆေးစစ်ထားတဲ့ ကိုဗစ်ရောဂါပိုးမရှိကြောင်း ဆေးစစ်ချက်ကို ခရီးသည်က ပြနိုင်ရမှာဖြစ်တဲ့အပြင် သက်ဆိုင်ရာဒေသကို ရောက်ရှိရင်လည်း ဒေသဆိုင်ရာ ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ ဒေသန္တရဆိုင်ရာအမိန့်တွေအတိုင်း မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

တောင်ကြီးမြို့တွင်းကို လေကြောင်းလိုင်းနဲ့ ဝင်ရောက်လာမယ့် ခရီးသည်တွေဟာ True Treasure hotel, 21st Taunggyi Hotel, Golden Win II Motel, တောင်ကြီးဟိုတယ် နဲ့ ချယ်ရီကွင်းဟိုတယ်‌တို့မှာ ကွာရန်တင်းဝင်ရောက်နိုင်‌တယ်လို့လည်း သိရပါတယ်။

အခုလက်ရှိ ရှမ်းပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၇၃၀ ဦး၊ သေဆုံးသူ (၃)ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ (၅၆၇)ဦး ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

Photo – Wikipedia
#voiceofmyanmar #VOM #ဟဲဟိုးလေဆိမ် #လေယာဉ်တွေစတင်ဝင်ရောက်

Related posts

Leave a Comment

VOM News

FREE
VIEW