ရွေးကောက်ပွဲမလုပ်ရသေးတဲ့ ရခိုင်ကမြို့နယ်တွေကို ရွေးကောက်ပွဲပြန်လုပ်ဖို့ အစိုးရအနေနဲ့ ရှင်းလင်းအောင်ထုတ်ပြန်ဖို့လို

ဒီဇင်ဘာ ၁၇-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေနဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီကို အစိုးရရဲ့ မှတ်ချက်ပေးဖို့လိုကြောင်း မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းခေါင်းဆောင် ဦးဖေသန်းကပြောပါတယ်။

“ ရခိုင်က မြို့နယ်တချို့မှာ ရွေးကောက်ပွဲကျင်းပပေးဖို့အတွက် သဘောထားမှတ်ချက်မပေးတာက အစိုးရလေ။ အစိုးရက သဘာထားမှတ်ချက်ပေးဖို့လိုတယ်။ သမ္မတက တိုက်တွန်းတယ်လို့ဆိုတယ်။ ဘာကိုတိုက်တွန်းမှန်းမသိဘူး” လို့ ဦးဖေသန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ (၄၆) ကြိမ်မြောက်ရခိုင်ပြည်နယ်နေ့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

အဲဒီသဝဏ်လွှာမှာ ရခိုင်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေနဲ့ ဆက်စပ်ပြီး ဖော်ပြထားတာက “ လွှတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေမရှိသဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသော ရခိုင်ပြည်နယ်ရှိ နယ်မြေဒေသများ၊ ယင်းနယ်မြေဒေသများရှိ ပြည်သူအားလုံးအတွက်လည်း အထူးပင်စိတ်မကောင်းဖြစ်ရကြောင်းနဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းပြီး လွပ်လပ်တဲ့ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်သည့် အခြေအနေရောက်ရှိအောင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လည်း အထူးမေတ္တာရပ်ခံအပ်ပါသည်” လို့ ပါရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော်သမ္မတတို့ရဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်နေ့မှာ ပေပို့တဲ့ သဝဏ်လွှာတွေမှာ အပြုသဘောဆောင်ပေမယ့် အမှန်တကယ်ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာဖို့လို့ကြောင်း လေ့လာသုံးသပ် သုံးသပ်သူတွေကပြောပါတယ်။

“ ရွေးကောက်ပွဲကော်မရှင်က အရင်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာရှိတယ်။ သူတို့ရဲ့သဘောထားနဲ့ လုပ်တာမဟုတ်ဘူး။ တပ်မတော်နဲ့ အစိုးရရဲ့ သဘောထားမှတ်ချက် နှစ်ခုပေါ်မှာ မူတည်ပြီး တချို့မဲဆန္ဒနယ်တွေကို ရွေးကောက်ပွဲမလုပ်ဘဲ ချန်ထားခဲ့တယ်လို့ ပြောဖူးတယ်။ ကော်မရှင်ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲကို လုပ်ဖို့ပဲ တာဝန်ရှိတယ်။ သူ့မှာ ဘယ်မဲဆန္ဒနယ် မလုပ်၊ လုပ်မယ်ဆိုတာ သူတို့ အလုပ်မဟုတ်ဘူး။ အစိုးရနဲ့ တပ်မတော်ရဲ့ မှတ်ချက်ပေါ်မှာ လုံခြုံရေးမရှိ၊ ရှိတယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီး ရွေးကောက်ပွဲကော်မရှင်က ထားခဲ့တာလို့ ပြောဖူးတယ်”လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တချို့ကို ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို ကူညီပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတဲ့အပြင် ULA/AA ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြေညာချက်အပေါ် ကြိုဆိုကြောင်း တပ်မတော်ဖက်က ပြောထားတဲ့အတွက် လုံခြုံရေးပိုင်းအရ အငြင်းပွားစရာမရှိဘူးလို့ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက သုံးသပ်ပြောဆိုပါတယ်။

“ တပ်မတော်ဖက်ကလည်း ရွေးကောက်ပွဲ လိုလားတယ်။ အေအေဖက်ကလည်း ရွေးကောက်ပွဲလိုလားတယ်။ သူတို့လည်း ပူးပေါင်းဆောင်ရွက်သွားဖို့ဆိုပြီး ပြောထားတဲ့အတွက် လုံခြုံရေးပိုင်းကတော့ အငြင်းပွားစရာမရှိပါဘူး” လို့ ဦးဖေသန်းကပြောပါတယ်။

NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကတော့ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ပြန်လည်ကျင်းပနိုင်ရေးဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နဲ့သာ သက်ဆိုင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်သာ နောက်ဆုံး အဆုံးအဖြတ်ဖြစ်တဲ့အတွက် အဲ့ဒီကိစ္စအပေါ် UEC က အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ထင်ကြောင်း ပြောပါတယ်။

” နံပါတ်(၁) ကတော့ တပ်မတော်ရဲ့ အကြံပြုချက်ပေါ့။ နံပါတ် (၂) ကတော့ ဒေသရွေးကောက်ပွဲကော်မရှင်ခွဲတွေရဲ့ အကြံပြုချက်၊ နံပါတ် (၃) ကတော့ အစိုးရရဲ့အကြံပြုချက် ဒါတွေကို အခြေခံပြီးတော့ ကျင်းပလို့ ရမယ်၊မရဘူးဆိုတဲ့ မဲဆန္ဒနယ်မြေတွေကို သတ်မှတ်တယ်လို့ထင်ပါတယ်။ အဲ့ဒီ သုံးချက်ကလည်းမှန်ပါတယ်” လို့ မုံရွာအောင်ရှင်ကပြောပါတယ်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ရွေးကော်ပွဲမကျင်းပနိုင်လိုက်တဲ့ မဲဆန္ဒနယ်မြေတွေမှာ ပြန်လည်ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲသုံးပစ္စည်းတွေ အားလုံးအဆင်သင့်ဖြစ်နေပေမယ့် အခက်အခဲအနည်းငယ်သာရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “ တကယ်လို့ ရွေးကောက်ပွဲကျလာမယ်ဆိုရင်တော့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလို့ရတယ်။ ရွေးကောက်ပွဲသုံး ပစ္စည်းတွေကတော့ အကုန်အဆင်သင့် ဖြစ်ပါတယ်။ တိုက်ပွဲရှောင်စခန်းတွေရှိတာပေါ့။ တိုက်ပွဲရှောင်စခန်းတွေမှာက ဟိုရွာက (၁၀) ယောက် ဒီရွာက (၁၀) ယောက် အဲ့ဒီလိုမျိုးပေါင်းနေတဲ့ ဟာတွေကျတော့ မဲရုံက သူတို့ရွာမှာပဲရှိတာလေ။ ဒါကြောင့် မဲရုံပြောင်းရွေ့ ဖွင့်လှစ်ပေးမှုပိုင်းမှာ နည်းနည်း အခက်အခဲရှိတာပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ၂၀၂၀ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ဒုတိယပတ်မှာ ကြေညာခဲ့ရာ အဲ့ဒီအထဲမှာ ရခိုင်ပြည်နယ်က မြို့နယ် (၈) မြို့နယ်နဲ့ အခြားမြို့နယ်တချို့က မဲဆန္ဒနယ်မြေတွေကိုလည်း ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခတွေ ရပ်တန့်နေပြီး နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေမှုတွေရှိပေမယ့် ဘယ်အချက်တွေကို အဓိက ဆွေးနွေးတယ်ဆိုတာ မသိရသေးပါဘူး။

အေအေဖက်ကတော့ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ ၂၀၂၀ ရွေးကောက်ပွဲ အပြီးမှာ ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကလည်း အေအေရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း အပြန်အလှန် ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ အဆက်အသွယ်ရရှိဖို့ ကြိုးစားနေပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှု မရှိသေးပါဘူး။

#voiceofmyanmar #VOM #ရခိုင် #ရွေးကောက်ပွဲ #အစိုးရ

Related posts

Leave a Comment

VOM News

FREE
VIEW