အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့အဖွဲ့က ဘုန်းတော်ကြီးကျောင်းအတွင်း အုပ်စုဖွဲ့အကြမ်းဖက်ဖျက်ဆီး

ဒီဇင်ဘာ ၁၇-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ သဖန်းကုန်းကျေးရွာရှိ ခေမာသီဝံဘုန်းတော်ကြီးကျောင်းအတွင်းကို ဒီဇင်ဘာ ၁၄ရက် ညပိုင်းက အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူ ၁၀ဦးခန့်က မင်းမဲ့စရိုက်ဆန်ဆန် ဝင်ရောက်အကြမ်းဖက်ဖျက်ဆီးမှုဖြစ်ပွားခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်ပြောပြချက်အရ သိရပါတယ်။

”ကျူးလွန်သူတွေက ဆယ်ဦးလောက်အထိရှိတယ်လို့ ကျေးရွာက ဒေသခံ မျက်မြင်သတ်သေတွေကပြောပါတယ်၊ ဘုန်းဘုန်းက သာသနိကပစ္စည်းတွေကို ဖျက်ဆီးတဲ့အတွက် သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်သွားမှာဖြစ်ပါတယ်၊ အင်္ကျီအနက်တွေဝတ်ထားကြတာပါ၊ ဘယ်သူ ဘယ်ဝါဆိုတာ ညအချိန်ဆိုတော့ မသိပါဘူး”လို့ ခေမာသီဝံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

အနက်ရောင် တူညီဝတ်စုံတွေဝတ်ဆင်ထားတဲ့အဖွဲ့က အုတ်ခဲကျောက်ခဲနဲ့ပစ်တာ ၊ကျောက်ဒိုးနဲ့ပစ်တာ၊ လေးသီးတွေနဲ့ပစ်တာ၊ တံခါးတွေကိုဖျက်ဆီး ၊နံရံအကာတွေကိုထုရိုက်ဖျက်စီးပြီး ကျောင်းအတွင်းကို ဝင်ရောက်ဖို့ကြိုးစားခဲ့ကြတဲ့အပြင် သူတို့ဖျက်ဆီးမှုကြောင့် ကျောင်းရဲ့သာသနိကပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

”ကျူးလွန်သူတွေကိုဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်၊ ညဘက် ဖြစ်ပွားခဲ့တာတော့ နည်းနည်းရှာဖွေရတာ ခက်နေတာဖြစ်ပါတယ်၊ ဒါပေမယ့်ကွင်းဆက်တွေကို လိုက်နေပါတယ်”လို့ ဇလွန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေလို့ ယူဆရသူအချို့ကလည်း အဲ့ဒီဘုန်းကြီးကျောင်းကို ဒီဇင်ဘာ ၆ ရက်က လေးဂွနဲ့လာရောက်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီအရေးယူကာ နောင်အလားတူဖြစ်ရပ်မျိုးမဖြစ်စေဖို့အတွက် ကျောင်းထိုင်ဆရာတော်နဲ့ဂေါပကအဖွဲ့၊ဒေသခံတွေက ဇလွန်မြို့မရဲစခန်းမှာ သွားရောက်တိုင်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဇလွန် #ဘုန်းကြီးကျောင်း #လူတစ်စုအကြမ်းဖက်ဖျက်ဆီး

Related posts

Leave a Comment

VOM News

FREE
VIEW