တရုတ်အစိုးရက နှစ်ရှည်ဖမ်းဆီးထားတဲ့ မြန်မာနိူင်ငံသား ၁၄၀ကျော်ကို ပြန်လွှတ်ပေး

ဒီဇင်ဘာ ၁၉-၂၀၂၀
အေးချမ်းသူ(VOM)

တရုတ်ပြည်မှာ နှစ်ရှည်ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာနိူင်ငံသား ၁၄၆ ဦးကို မနေ့ ဒီဇင်ဘာ ၁၈ရက် နေ့လယ်ပိုင်းက ပြန်လည်လွှတ်ပေးခဲ့တယ်လို့ မူဆယ်တရုတ်ကျောင်း ထောင်လွဲ ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က VOMကိုပြောပါတယ်။

“တရုတ်ပြည်မှာ အလုပ်သွားလုပ်နေတဲ့ မြန်မာတွေ အကြောင်းအမျိုးမျိုးကြောင့် ထောင်ကျနေတဲ့သူတွေပေါ့၊ နှစ်ရှည်ထောင်ကျနေတဲ့သူတွေ ပါသလို၊ လပိုင်းလောက်ပဲ ထောင်ကျနေတဲ့သူတွေလည်း ပါတယ်”လို့ ဦးမန်းမျိုးမြင့်က VOMကိုပြောပါတယ်။

တရုတ်နိူင်ငံရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းကျနေသူ မြန်မာနိူင်ငံသား ကျား ၇၉ ၊ မ ၆၇ဦး စုစုပေါင်း ၁၄၆ဦးကို တရုတ်အစိုးရက ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပြီး ပြစ်ဒဏ်ကျခံရသူတွေအထဲမှာ ထောင်ဒဏ် လေးလ ကနေ အနှစ် ၂၀အထိပါဝင်ကြောင်း ဦးမန်းမျိုးမြင့်က ရှင်းပြပါတယ်။

ဒါ့အပြင် ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာလူမျိုးတွေကို ဒီကနေ့မနက်မှာ ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးပြီး ရောဂါပိုးမရှိတဲ့သူတွေကို နေရပ်ပြန်နိူင်ရေးအတွက် ပြည်နယ်အစိုးရနဲ့တိုင်ပင်ကာ စီစဉ်ပေးသွားမှာဖြစ်တယ်လို့ ဦးမန်းမျိုးမြင့်က ပြောပါတယ်။

“သူတို့ပြန်မယ်ဆိုရင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိနေတဲ့ အစိုးရအဖွဲ့နဲ့ချိတ်ပြီး ရှမ်းပြည်နယ်ပြင်ပအထိ ယာဉ်တန်းနဲ့ မန္တလေးအထိပို့ပေးတယ်။ မန္တလေးရောက်ရင် အစိုးရအဖွဲ့နဲ့ ထပ်မံချိတ်ဆတ်ပြီး ကား၊ ရထားတစ်ခုခုနဲ့ပြန်နိူင်အောင်စီစဉ်ပေးတယ်”လို့ ဦးမန်းမျိုးမြင့်ကပြောပါတယ်။

မြန်မာနိူင်ငံသားတွေကို သွားရောက်ကူညီပေးခဲ့တဲ့ မူဆယ်မြို့မှ ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဌ ဦးသောင်းထွန်းက “မနေ့က ထောင်လွှဲတာက နှစ်နိူင်ငံ လ.ဝ.က ကစီစဉ်တာ၊ ပြီးတော့မူဆယ်မှာရှိတဲ့ တရုတ်ကျောင်း ထောင်ပြောင်းကွာရန်တင်းစင်တာကိုပို့ပေးရတယ်။ ဆေးစစ်ပြီးရင်တော့ နေရပ်ပြန်ပို့ဖို့ ကူညီပေးမယ်”လို့ VOMကိုပြောပါတယ်။

ကိုဗစ်ကာလအတွင်း မူဆယ်မြို့ရှိ တရုတ်ကျောင်း ထောင်လွဲကွာရန်တင်းစင်တာကို တရုတ်အစိုးရဘက်က ပြန်လည်လွှတ်ပေးခဲ့တဲ့ မြန်မာနိူင်ငံသားဦးရေ ၄၀၀၀ ခန့်ရှိတယ်လို့ ဦးမန်းမျိုးမြင့်ရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #တရုတ်ပြည် #နှစ်ရှည်ထောင်ကျ #မြန်မာနိုင်ငံသား #ပြန်လွှတ်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW