ပုဂ္ဂလိကဆေးရုံတစ်ခုကို ကိုဗစ်လူနာကုသခွင့်ပြုလိုက်ပေမယ့် Test Kit မရှိတာကြောင့် စစ်ဆေးနိုင်ခြင်းမရှိ

ဒီဇင်ဘာ ၂၂-၂၀၂၀
သိင်္ဂီထွန်း (VOM)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ပန်းလှိုင်ဆေးရုံကို ကိုဗစ်အတည်ပြုလူနာကုသဖို့ ခွင့်ပြုပေးလိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

“ပန်းလှိုင်ဆေးရုံကဖွင့်နေပြီ ၊ဖွင့်နေပြီဆိုပေမယ့်လည်း test လုပ်ဖို့ test kit က ဝယ်လို့မရသေးဘူး။ပြီးခဲ့တဲ့ ၅ ရက်လောက်က ခွင့်ပြုမိန့်ရတယ်။ test kitကို ကုမ္ပဏီမှာထားတယ်လို့သိရတယ်။ ဆေးရုံအနေနဲ့ ပုဂ္ဂလိကဆေးရုံတစ်ရုံကို ခွင့်ပြုလိုက်တယ်။ ဓာတ်ခွဲခန်းတစ်ခုရော စစ်ဆေးဖို့ခွင့်ပြုတယ်။ အသေးစိတ်တော့ ပန်းလှိုင်ကိုမေးကြည့်မှသိရမယ်”လို့ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်ကပြောပါတယ်။

ပန်းလှိုင်ဆေးရုံမှာ ကိုဗစ်လူနာကုသခွင့်ကို ကျန်းမာရေးဝန်ကြီးဌာန ကခွင့်ပြုလိုက်ပေမယ့် ဆေးရုံဘက်ကတော့ လတ်တလောမှာ လူနာ လက်ခံကုသမှုမရှိသေးကြောင်း၊ ကုသဖို့အစီအစဉ်တော့ရှိတယ်လို့ ပန်းလှိုင်ဆေးရုံဘက်ကနေ သိရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကတော့ “ဆေးရုံတစ်ရုံကိုတော့ ခွင့်ပြုလိုက်ပြီ၊ နာမည်ကြီးဆေးရုံတစ်ခုဖြစ်တယ်။ အရင်တပတ်လောက်ထဲက ခွင့်ပြုပေးလိုက်တာဖြစ်တယ်”လို့ ပြောပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာ ဆေးကုသခွင့်ရတဲ့အခါ လာရောက်ကုသမှုခံယူမယ့်သူတွေဟာ ဆေးကုသမှုကုန်ကျစရိတ်အပြင် ဆရာဝန် ၊ဆရာမတွေရဲ့ PPE ဝတ်စုံဖိုးကိုပါ လူနာရှင်ဘက်ကနေ ကုန်ကျခံရမှာဖြစ်တယ်လို့ ဦးထင်ပေါ်ကပြောဆိုထားပါတယ်။

ကိုဗစ်လူနာ ကုသခွင့်ရရှိဖို့ တင်ပြထားတဲ့ ပုဂ္ဂလိကဆေးရုံ ၃ ခုကျန်ရှိနေပြီး အဲ့ဒီဆေးရုံတွေကတော့ အကယ်ဒမီဆေးရုံ၊ ရွှေလမင်းဆေးရုံ၊ SSC ဆေးရုံတို့ပဲဖြစ်ပါတယ်။

ဒီကနေ့ အထိ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကပ်ရောဂါကူးစက်မှုဟာ ရန်ကုန်တိုင်းက ရောဂါကူးစက်မှုအမြင့်ဆုံးနဲ့ သေဆုံးမှုအများဆုံးအဖြစ်ရှိနေတာဖြစ်ပါတယ်။

Photo – ပန်းလှိုင်ဆေးရုံ
#voiceofmyanmar #VOM #ရန်ကုန် #ပုဂ္ဂလိကဆေးရုံ #ကိုဗစ်ကုသခွင့်ရ #TsetKitမရှိ #စစ်ဆေးနိုင်မှုမရှိသေး

Related posts

Leave a Comment

VOM News

FREE
VIEW