ရန်ကုန်ပြန် ဆောက်လုပ်ရေးအဖွဲ့ ကွာရန်တင်းမဝင်လို့ ကိုဗစ် စစ်ဆေးရေးဂိတ်အားလုံး ဖျက်သိမ်း

ဒီဇင်ဘာ ၂၅-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုကို ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ရန်ကုန်ကနေ လာရောက်တဲ့အဖွဲ့ ပါဝင်တာကြောင့် ကျေးရွာက ကွာရန်တင်း ၇ ရက် ဝင်ခိုင်းပေမယ့် လိုက်နာခြင်းမရှိခဲ့လို့ကျေးရွာက ကိုဗစ်စစ်ဆေးရေးဂိတ်အားလုံးကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

“ခုဟာက ရန်ကုန်ကနေလာတယ်။ ကျန်းမာရေး ထောက်ခံစာလည်းပါတယ်။ RTD နဲ့ စစ်ဆေးထားတာလည်း ပါပါတယ်။ ဒါပေမဲ့ ကျေးရွာနေပြည်သူတွေ စိတ်လုံခြုံမှုရအောင်လို့ သူတို့ကို ကွာရန်တင်း ဝင်ခိုင်းတာ ဖြစ်တယ်။ ငရုတ်ကောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကလည်း ရွာမှာ ကွာရန်တင်းဝင်ပေးဖို့ မှာလိုက်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါကို သူတို့က မလိုက်နာဘဲ သူတို့ဆိုဒ်ထဲမှာ ကွာရန်တင်းနေမယ်လို့ ပြောပါတယ်။ ရွာသားတွေကလည်း ကြောက်နေကြပါတယ်။ သူတို့ဆိုဒ်ထဲက ဈေးဝယ်တာကလည်း ရွာထဲမှာပဲဖြစ်ပါတယ်။ အရင်တစ်ခေါက်ကလည်း အခုလိုပဲ ဆိုဒ်ထဲနေမယ်ပြောတယ်။ ပြီးတော့ ရွာထဲလျှောက်သွားနေတာတွေ့ရတယ်လို့ ရွာသားတွေကပြောပါတယ်။ ရွာသူရွာသားတွေ စိတ်လုံခြုံမှုရအောင်လို့ ဝင်ခိုင်းတာပါ”လို့ နံ့သာပုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းက ပြောပါတယ်။

နံ့သာပုကျေးရွာနေ ဦးအစံကလည်း”အဝင်၊ အထွက်ဂိတ်တွေ အကုန်ဖျက်လိုက်ပြီ။ လူဝင်လူထွက် ဂိတ်တွေကိုရော။ သူတို့ကမှ ကွာရန်တင်း ဝင်ခိုင်းတာကို မလိုက်နာတာ ကျွန်တော်တို့ စစ်ဆေးရေးဂိတ်တွေ ဆက်ထားလည်း အပိုပဲ။ ရွာထဲသူတွေ ဆိုဒ်ထဲမှာ သွားလုပ်နေကြတာလည်း အများကြီးပဲ။ အခုဟာက မြင်ရတဲ့ ရောဂါမဟုတ်တော့ တကယ်လို့ သူတို့မှာသာ ရောဂါပိုးပါလာခဲ့ရင် ကူးစက်မှုတွေ ဖြစ်လာနိုင်ပါတယ်။”လို့ ပြောပါတယ်။

ရန်ကုန်ကလာတဲ့ ဟိုတယ်လုပ်ငန်းရှင်ဆောက်လုပ်ရေးအဖွဲ့ကို နံ့သာပုကျေးရွာအုပ်စု ကိုဗစ်ကော်မတီက ကျေးရွာရှိ စာသင်ကျောင်းမှာ ကွာရန်တင်း ၇ ရက် နေထိုင်ဖို့ပြောဆိုပေမယ့် သူတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှာသာ ကွာရန်တင်းနေထိုင်သွားမယ်လို့ ပြောဆိုခဲ့တာကြောင့် ကျေးရွာရှိ ကိုဗစ်စစ်ဆေးရေးဂိတ်အားလုံးကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၄၃၆၁ ဦး၊ သေဆုံးလူနာ ၃၄ ဦးရှိနေပြီး ကျန်ရှိနေတဲ့ ကိုဗစ် အတည်ပြုလူနာတွေကို ခရိုင်၊ မြို့နယ်များရှိ Covid-19 ကုသရေး တိုင်းရင်းဆေးရုံတွေနဲ့ ကုသရေးစင်တာအသီးသီးမှာ ဆေးကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငပုတော် #ရန်ကုန်ပြန်ကွာရန်တင်းမဝင် #စစ်ဆေးရေးဂိတ်တွေဖျက်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW