တပ်မတော်ကထုတ်ပြန်တဲ့ တနိုင်းမြို့က မဲစာရင်းတွေကိစ္စ မဲမသမာမှုဖြစ်နိုင်စရာမရှိ

ဒီဇင်ဘာ ၂၈-၂၀၂၀
ရန်အောင်ထွန်း(VOM)

တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်ထဲမှာပါတဲ့ တနိုင်းမြို့က မဲစာရင်းနဲ့ပတ်သက်ပြီး မဲမသမာမှုဖြစ်နိုင်စရာမရှိဘူးလို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးဟာ ဒီဇင်ဘာ ၂၃ ရက်က မဲစာရင်းကွာဟချက်တွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ်တွေနဲ့ပတ်သက်ပြီး ရရှိထားတဲ့ မဲစာရင်း(ပုံစံ-၁) ဆိုပြီး ထုတ်ပြန်လိုက်တဲ့ ဇယားမှာ ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ်အတွက် UEC ရဲ့ မဲရလဒ်ထုတ်ပြန်ချက်ပါ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းမှာ ၃၄၃၄၉ ဦးဖြစ်ပြီး စီစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်း (ပုံစံ-၁)မှာ ၃၄၃၄၆ ဦး ဆိုတဲ့ အချက်ကို ဦးထွန်းအောင်ခိုင်ကပြောတာဖြစ်ပါတယ်။

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က “ အခု ငါတို့ ပြန်စစ်နေတယ်၊ ငါတို့ မဲစာရင်းကတော့ သူတို့ပြောသလို ၃ ယောက်မကွာဘူး၊ ဘာကြောင့်သူတို့ ၆ယေက် ဖြစ်နေလဲတော့ သူတို့မှ သိမှာ”လို့ ပြောပါတယ်။

နောက်ပြီး တစ်ကြိမ်ထက်ပို မဲပေးခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့မဲစာရင်း ၁၄၄၄ ဦးနဲ့ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်း ၄၅၂၉ ဦးဆိုတဲ့အချက်နဲ့ ပတ်သက်ပြီးတော့လည်း “ မှတ်ပုံတင်မရှိသူကို ၄၅၀၀ လောက် သူတို့စာရင်း ဖော်ထားတယ်၊ မူလကတည်းက ငါတို့ လ.ဝ.က ဆီက ရတဲ့စာရင်းက ၄၃၉၀ လောက် လုပ်ပေးလို့မရနိုင်ဘူးလို့ မဲစာရင်းမှာပါတဲ့သူတွေ လ.ဝ.က က တရားဝင် ဖော်ပြထားတာ။ သူတို့လုပ်ပေးလို့ကိုမရတော့ ဒီအတိုင်း အလွတ်ပဲရှိနေမှာ၊ မဲစာရင်းထဲမှာ နေရာတိုင်းမှာရှိတယ် မှတ်ပုံတင်မပါဘူး ဆိုတာရှိတယ်၊ အရင်အတွေ့အကြုံတွေအရ သူတို့သက်ဆိုင်ရာဌာနမှာ မှားယွင်းမှုတွေရှိခဲ့တယ်၊ မှတ်ပုံတင်က တစ်ခုတည်း လူက ၂ ယောက်၊ အဲ့ဒါကို ထပ်တယ်လို့ ပြောလို့မရဘူး၊ အဲ့ဒီထပ်နေတဲ့သူကို ငါတို့ကော်မရှင်က မစစ်ဘူးလားဆိုတော့ ရနိုင်သလောက် စစ်တာပေါ့၊ တနိုင်းမှာ ငါတို့ စစစ်လို့တွေ့တဲ့အခါမှာ ၃၀၀၀ ကျော်တယ်၊ အခုသူတို့ ၁၄၀၀ လို့ပြောတယ်၊ လ.ဝ.ကတို့ ထွေ/အုပ်တို့နဲ့ ရသလောက် စိစစ်ပြီတော့မှ ဖြတ်ချလို့ရတဲ့ဟာကို နိုင်သလောက် လုပ်ခဲ့တာပဲ၊ ၁၄၀၀ ဆိုတာ လက်ကျန်ပဲရှိတယ်၊ နဂိုက ၃၀၀၀ ဆိုတော့ ဒါကတော့ဖြစ်ကောင်းဖြစ်နိုင်တယ်”လို့ ဦးထွန်းအောင်ခိုင်က ပြောပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ပါ အချက်အတွက်ကိုတော့ ဘယ်လိုပဲထပ်နေထပ်နေ ရွေးကောက်ပွဲနေ့မှာ မဲပေးရင် မှင်တို့တာဖြစ်ပြီး ကြိုတင်မဲမှာ မှင်မတို့တဲ့အတွက် မဲစာရင်းမှာ ကြိုတင်မဲပေးပြီးကြောင်း ရပ်ကျေးကော်မရှင်က မှင်နီနဲ့ တားထားတယ်လို့ သိရပါတယ်။

အဲ့ဒီလိုလုပ်ထားတာကြောင့် မဲစာရင်းမှာထပ်နေပေမယ့် တစ်ကြိမ်ပဲပေးရဖို့က သေချာတဲ့အတွက် မသမာမှုဖြစ်မသွားနိုင်ဘူးလို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြန်ရှင်းထားတာဖြစ်ပါတယ်။

“ မဲစာရင်းထဲမှာ လူတစ်ယောက်တည်းက ၂ နေရာ ၃ နေရာပါလို့ ၂ ကြိမ် ၃ ကြိမ် ပေးခွင့် ဘယ်လိုလုပ်ရမလဲ၊ မှင်တို့ စနစ်ရှိတယ်။ ကြိုတင်မဲ ပေးပြီးရင် ကြိုတင်မဲပေးပြီး ဆိုပြီးတော့မှ မှင်နီနဲ့ခြစ်ထားတဲ့ စနစ်ရှိတယ်၊ မဲပေးပြီးတာနဲ့ မနက် ၆ နာရီမှာ ရပ်ကျေးက မဲရုံမှူးကို အပ်ပြီးသား၊ ဘယ်အပေါက်ကနေ အချိုအချောင်ဝင်ပြီးမှ ၂ ကြိမ်ပေးလို့ ရမလဲ၊ တစ်ခုပဲရှိတယ် မန္တလေးမှာလည်း မဲစာရင်းပါမယ် မြစ်ကြီးနားမှာလည်း မဲစာရင်းပါမယ် မန္တလေးကို မဲပေးပြီးမှ နေလယ်ကျတော့ မြစ်ကြီးနားကို လေယာဉ်နဲ့ ရောက်လာပေးရင် အဲ့ဒါတော့ မတတ်နိုင်ဘူး။ ကြိုတင်မဲကို မန္တလေးမှာ ၂ ရက်အလိုမှာ ပေးခဲ့တယ်၊ နောက်တစ်ရက်ကျတော့ မြစ်ကြီးနားကိုရောက်လာမယ်၊ မြစ်ကြီးနားမှာ အိမ်ရှိတဲ့အတွက် ပါနေကောင်းပါနေမယ်၊ ဒါမျိုးတော့ မတတ်နိုင်ဘူး၊ သာမာန်အားဖြင့် တစ်မြို့နယ်ထဲမှာ ဘယ်နည်းနဲ့မှ ၂ ကြိမ်မရနိုင်ပါဘူး”လို့ ဦးထွန်းအောင်ခိုင်က ရှင်းပြပါတယ်။

တနိုင်းမြို့နယ် မဲစာရင်း ပုံစံ(၁)မှာ တစ်ကြိမ်ထက်ပိုကာ မဲပေးခွင့်ရသွားနိုင်တဲ့ မဲအရေအတွက်ထက်နေတယ်ဆိုပြီး နိုင်ငံသားကတ်နဲ့ ပတ်သက်တဲ့ မဲဆန္ဒရှင်ပေါင်း ၁၄၄၄ ဦး၊ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းဆိုတဲ့ စာရင်းထဲမှာတော့ အသက် ၁၈ နှစ်မပြည့်ဘဲ မဲစာရင်းထဲပါနေသူ ၃ ဦး၊ နိုင်ငံသားကတ်မရှိဘဲ မဲစာရင်းမှာပါဝင်နေသူ ၄၅၂၆ ဦး စုစုပေါင်း ၄၅၂၉ ဦးဆိုပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #တနိုင်း #တပ်မတော်ထုတ်ပြန်ချက် #မဲစာရင်း #မသမာမှုမဖြစ်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW