BGF ယူနီဖောင်း ဝတ်ဆင်လာသူတွေဆီကနေ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၈-၂၀၂၀
ကိုတိုးကြီး (VOM)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်းကနိမ်ကျေးရွာ၊ အပါချမ်း စက်သုံးဆီအရောင်းဆိုင်အနီးမှာ မနေ့ ဒီဇင်ဘာ ၂၇ ရက်ညပိုင်းက BGF ယူနီဖောင်း ဝတ်ဆင်လာသူတွေဆီကနေ မူးယစ်ဆေးဝါးနဲ့ လက်နက်၊ခဲယမ်းတွေ ဖမ်းဆီးရရှိခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

” မူးယစ်ဆေးဝါး သတင်းအရ ပိတ်ဆို့စစ်လုပ်တဲ့အခါ အခုလို ဖမ်းဆီးရမိတာဖြစ်တယ်၊ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ဖြစ်တယ်၊ စိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းကျော် ကာလတန်ဖိုး သိန်း ၅ ထောင်ကျော်ဖိုးနဲ့အတူ လက်နက်ခဲယမ်းတွေ ဖမ်းဆီရမိတာဖြစ်တယ်”လို့ မုဒုံမြို့နယ်ရဲတပ်ဖွဲ့ရုံးက ရဲအရာရှိတစ်ယောက်က အတည်ပြုပြောပါတယ်။

မွန်ပြည်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစိပ်က ရဲတပ်ဖွဲ့ဝင်တွေဟာ အပါချမ်း ဆီဆိုင်အနီးမှာ ယာဉ်အသွားအလာတွေကို ပိတ်ဆို့စစ်ဆေးနေချိန် သံဖြူဇရပ်ဘက်ကနေ မော်လမြိုင်ဘက်ကိုမောင်းလာတဲ့ 1023 တပ်ခွဲ-၃ နံပါတ်ပြားတပ်ဆင်ထားတဲ့ Conorado ကား ၁ စီးနဲ့ MDY 2K… ပရိုဘောက် ကား၁ စီးကို ရပ်တန့်ခိုင်းပြီး ရှာဖွေစစ်ဆေးချိန် ခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ကားပေါ်ကနေ BGF ယူနီဖောင်းဝတ်ဆင်ထားသူတွေဆီက မေရိကန်နိုင်ငံထုတ် ပစ္စတိုသေနတ် ၁ လက်၊ ထိုင်ဝမ်နိုင်ငံထုတ် 9mm ပစ္စတိုသေနတ် ၁ လက်၊ MK အမျိုးအစား သေနတ် ၁ လက်နဲ့ စိတ်ကြွတေးပြား ၁ သိန်း ၂ ထောင်ကျော်နဲ့အတူ ခဲယမ်းတွေ ဖမ်းဆီးရမိတာဖြစ်ပါတယ်။

“BGF အဖွဲ့က တပ်ဖွဲ့ဝင်တွေ ဟုတ်၊မဟုတ်တော့ စီစစ်ဆဲဖြစ်တယ်၊ အဖြေထွက်လာရင် ထပ်မံပြီး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ် “လို့ ဖမ်းဆီးရေးအဖွဲ့မှာပါဝင်တဲ့ ရဲအုပ်ဇော်ထိုက်က ပြောပါတယ်။

လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ BGF ယူနီဖောင်း ဝတ်ဆင်ထားတဲ့ အမျိုးသား ၃ ယောက် အပါအဝင် အမျိုးသမီး ၄ ယောက် တို့ကို မုဒုံမြို့မရဲစခန်းက မူးယစ် (ပ) ၉၇/၂၀၂၀၊ မူးစိတ်ပုဒ်မ-၁၉(က) ၊ ၂၂(ခ)/၂၁ အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Photo – မုဒုံ ရဲစခန်း
#voiceofmyanmar #VOM #မုဒုံ #BGFယူနီဖောင်းဝတ်ထားတဲ့သူ #မူးယစ်ဆေးနဲ့ #လက်နက်တွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW