သမီးအရင်းကို ဖခင်ဖြစ်သူက အလိုမတူဘဲ အဓမ္မ အကြိမ်ကြိမ်ပြုကျင့်

ဒီဇင်ဘာ ၃၁-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကြာခံကျေးရွာအုပ်စု၊ကွမ်းခြံကုန်းကြီးကျေးရွာမှာ အတူနေ ဖခင်အရင်းက သမီးအရင်းဖြစ်သူကို အလိုမတူဘဲ ကြက်သွန်လှီးဓားနဲ့ ခြိမ်းခြောက်ကာ အဓမ္မအကြိမ်ကြိမ်ပြုကျင့်တဲ့အတွက် အစ်မဖြစ်သူက အမှုဖွင့်ထားတယ်လို့ ရေကြည်မြို့မရဲစခန်းကနေ သိရပါတယ်။

”ဟုတ်ပါတယ် အဖေအရင်းဖြစ်ပါတယ်။ ကောင်မလေးကတော့ အသက်တော့ပြည့်ပါပြီ။ ကောင်မလေးကယောက်ျားနဲ့ကွဲနေတာဖြစ်ပါတယ်။ အမေကတော့ရှိတယ်၊ ဒါပေမယ့် အမေက ရန်ကုန်မှာအလုပ်လုပ်နေတာဖြစ်ပါတယ်။အဲ့ဒီတော့ အိမ်မှာက သူ့အဖေရယ် ကောင်မလေးရယ် ကောင်မလေးကနေ မွေးထားတဲ့ ၂နှစ်ကျော် ကလေးလေးရယ် ၃ယောက်အတူနေကြတာဖြစ်ပါတယ်။ နေရင်းနဲ့ ဖခင်ဖြစ်သူကနေပြုကျင့်တာဖြစ်ပါတယ်။ ကောင်မလေးက သူများတွေကိုပြောရင် သတ်ပစ်မယ်ဆိုလို့ မပြောတာလို့ပြောပါတယ်။ ဒီကနေ့တော့ အမှုလာဖွင့်သွားပါတယ်”လို့ရေကြည်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးဌေးခိုင်ကပြောပါတယ်။

ဖခင်ဖြစ်သူ ဦးကျော်မြင့်ဟာ ကြက်သွန်လှီးဓားပြပြီး ခြိမ်းခြောက်ပြောဆိုကာ အလိုမတူဘဲ အဓမ္မပြုကျင့်မှု ၁၅ ကြိမ်ရှိတယ်လို့ ညီမဖြစ်သူက ပြောပြပြီး အစ်မဖြစ်သူက ဥပဒေကြောင်းအရ အရေးယူပေးဖို့ မနေ့ ဒီဇင်ဘာ ၃၀ ရက်က တိုင်ကြားအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

”ဖခင်ဖြစ်သူက ခြိမ်းခြောက်တယ်၊ ပြောရင်ဘာလုပ်ပြစ်မယ် ညာလုပ်ပြစ်မယ်၊ နောက် ကြက်သွန်လှီးဓားလေးနဲ့ပြတယ်။ အဖေလည်းအဖေ ကြောက်လဲကြောက်တော့ မပြောပြစ်ခဲ့ဘူး၊ အုတ်ဖိုလုပ်ငန်းမှာ အုတ်ဖိုမှာသွားပြီး အလုပ်လုပ်ကြရင်း ထပ်ထပ်ဖြစ်တာ ဖြစ်ပါတယ်။ ဖြစ်ကြတဲ့အခါကြတော့ ကောင်မလေးက နောက်ဆုံးကျတော့ အဲ့ဒီရွာမှာ သူ့အစ်မကြီးရှိတယ်၊ အစ်မရေ ငါတော့ဒီလိုဖြစ်နေပြီ ငါ့ကိုကူညီပေးပါဆိုပြီး သွားပြောပါတယ်။ သူ့အစ်မက တစ်ခါတည်း အုပ်ချုပ်ရေးမှူးဆီသွား၊ အုပ်ချုပ်ရေးမှူးနဲ့သွားတွေ့ပြီး ကောင်မလေးကိုခေါ် ရေကြည်မြို့နယ် မြို့မရဲစခန်းမှာဖြစ်စဉ်ပတ်သက်ပြီး အမှုလာဖွင့်တာဖြစ်ပါတယ်”လို့ရေကြည်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ဌေးခိုင်ကဆက်ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြိး ရေကြည်မြို့မရဲစခန်းက (ပ)၃၉၂/၂၀၂၀၊ အမှုကြီးအမှတ်စဉ်- ၆/၂၀၂၀ ၊ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၇၆နဲ့ အမှုဖွင့်ဖမ်းဆီးပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေကြည် #သမီးအရင်း #ဖခင်ဖြစ်သူ #အဓမ္မအကြိမ်ကြိမ်ပြုကျင့်

Related posts

Leave a Comment

VOM News

FREE
VIEW