အောင်ဘာလေ သိန်းတစ်သောင်းခွဲဆု ပထမဆုံးပေါက်တဲ့ ပရဟိတဆရာတော် သူ့ကျောင်းကဆရာမကို သားမယားပြုကျင့်မှုနဲ့ လူဝတ်လဲဖမ်းဆီးခံရ

အောင်ဘာလေ သိန်းတစ်သောင်းခွဲဆု ပထမဆုံးပေါက်တဲ့ ပရဟိတဆရာတော် သူ့ကျောင်းကဆရာမကို သားမယားပြုကျင့်မှုနဲ့ လူဝတ်လဲဖမ်းဆီးခံရ

နေပြည်တော်-ဒီဇင်ဘာ ၃၁-၂၀၂၀

ကိုထွန်း(VOM)

 

နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် ရပ်ကွက်က အေးမေတ္တာစံ ပရဟိတ တောင်နီလေး ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာဟာ သူ့ကျောင်းမှာ ဂျပန်ဘာသာသင်ကြားပေးနေတဲ့ ဆရာမကို သားမယားအဖြစ်ပြုကျင့်မှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။

 

ဆရာတော် ဦးစန္ဒိမာဟာ ဂျပန်ဘာသာသင်ဆရာမကို ၂၀၂၀ခုနှစ် စက်တင်ဘာ ၂၃ရက်က တကြိမ်၊ အောက်တိုဘာ ၉ရက်နေ့က တကြိမ် တောင်နီလေးကျောင်းတိုက်၊ အေးမတ္တာစံပရဟိတကျောင်းအတွင်းမှာ သားမယားပြုကျင့်ခဲ့ပြီး တမိသားစုလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် တိုင်ကြားနိုင်ခြင်းမရှိဘဲ ဒီကနေ့ ဒီဇင်ဘာ ၃၁ ညနေ ၂နာရီကျော်မှ ထုံးဖိုရဲစခန်းကို လာရောက်တိုင်ကြားတာဖြစ်ပါတယ်။

 

ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် အထက်တန်းရှေ့နေ ဦးယုယချစ်က အမှုလာဖွင့်တဲ့ ကိစ္စကို ထုံးဖိုရဲစခန်းရှေ့မှာ ခုလိုပြောပြပါတယ်။

“တရားလိုက သူအခမဲ့ ဂျပန်စာသင်ပေးတဲ့ တောင်နီလေးကျောင်းက ကျောင်းထိုင်ကနေပြီးတော့ သူ့ကို သားမယားအဖြစ်ပြုကျင့်တယ်။ ပထမတကြိမ်မှာတော့ သူပြုကျင့်မခံရဘူး ရုန်းထွက်တယ်။ နောက်အကြိမ်တွေမှာတော့ သူမရုန်းထွက်နိုင်ဘူး။ သားမယားအဖြစ်ပြုကျင့်တယ်ဆိုပြီးတော့ အမှုဖွင့်တာ။ ရဲစခန်းကနေပြီးတော့ (ပ)နံပါတ် ၁၂၇/၂၀၂၀ ပုဒ်မ ၃၇၆နဲ့ လက်ခံပြီးတော့ အမှုဖွင့်ပေးလိုက်တယ်။ ကျန်တဲ့ လုပ်ငန်းဆောင်တာတွေကတော့ ရဲစခန်းကပဲ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာပါ” လို့ ဆိုပါတယ်။

 

ဒီဖြစ်စဥ်နှင့်ပတ်သက်ပြီး ပုဗ္ဗသီရိမြိုနယ်မှူးနဲ့ စခန်းမှူးကိုတွေ့ဆုံမေးမြန်းဖို့ကြိုးစားပေမယ့် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ၂နာရီခွဲလောက်မှာ တရားလိုအမျိုးသမီး၊ ရဲမေတစ်ဦး ဒုရဲအုပ်တစ်ဦးတို့နဲ့ ဆေးစစ်ဖို့ ခုတင်တစ်ထောင်ဆေးရုံကို ခေါ်ဆောင်သွားတာ ကိုမြင့်တွေ့ရပါတယ်။ မြို့နယ်မှူးနဲ့ တပ်ဖွဲ့ဝင်တွေကတော့ အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းတိုက်ကို သာသနာရေးမှူးနဲ့  ထွက်ခွာသွားတာ ကိုမြင်တွေ့ရပါတယ်။  နေပြည်တော်အခြေစိုက် သတင်းထောက်တွေက ကျောင်းတိုက်ထဲထိ လိုက်သတင်းယူတဲ့အခါမှာလည်း မြို့နယ်ရဲတပ်ဖွဲ့ မှူးက မောင်းထုတ်တာကို ခံခဲ့ရပါတယ်။

 

ညနေ ၄း၃၀ အချိန်မှာတော့ တောင်နီလေးကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာကို ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ မဏိဇောတိကာရုံကျောင်းတိုက်တွင်ဖွင့်လှစ်ထားတဲ့ မြို့နယ်သံဃနာယကအဖွဲ့ရုံးကိုခေါ်ပြီး သာသနာရေးဦးစီးမှူးဦးကျော်မြင့်သူ၊ မြို့နယ်သံဃနာယက ဥက္ကဌဆရာတော်ဦးသုမာရ ရှေ့မှောက်မှာ  လူဝတ်လဲဖမ်းဆီးမှုပြုလိုက်ကြောင်းသိရပါတယ်။

 

ခု ဆရာတော်ရဲ့ သားမယားပြုကျင့်ခံရတဲ့ ဂျပန်ဘာသာသင်ဆရာမနဲ့ မိသားစုကို ၂၀၂၀ခုနှစ် ဇန်နဝါရီလကစပြီး နေပြည်တော်ကို လာရောက်နေထိုင်ဖို့နဲ့ အလုပ်ပေးထားမယ်လို့ပြောဆိုပြီး အေးမတ္တာစံပရဟိတကျောင်းက ကျောင်းသူ ကျောင်းသားတွေကို ဂျပန်ဘာသာစကား သင်ကြားစေခဲ့တာ ဖြစ်ပါတယ်

 

ဆရာတော်ဟာ ၂၀၁၉ မတ်လ ၁ရက်နေ့က ပထမဆုံးအကြိမ် ဖွင့်လှစ်တဲ့ ကျပ်သိန်း ၁ သောင်းခွဲဆုကြီးကို အ -၇၉၂၉၄၁ နံပါတ်နဲ့ ထီဆုကြီး ဆွတ်ခူးခဲ့တာပါ။ ဆရာတော်ကျောင်းမှာ  မွေးကင်းစအရွယ်လောက်ကစပြီး မူလတန်း၊ အလယ်တန်း၊ တက္ကသိုလ်ဝင်တန်းကနေ နောက်ဆုံး တက္ကသိုလ် ကျောင်းသားတွေအထိ လူပေါင်း ၄၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM #တောင်နီလေးကျောင်းတိုက်ဆရာတော်ရဲ့သားမယားပြုကျင့်မှု #နေပြည်တော် #ပရဟိတကျောင်း

 

 

Related posts

Leave a Comment

VOM News

FREE
VIEW