တောင်ကုတ်ရဲစခန်းက အချုပ်သားတချို့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရ

ဇန်နဝါရီ ၃ ၊ ၂၀၂၁

ကိုတိုးကြီး (VOM)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ၊ တောင်ကုတ်မြို့မရဲစခန်းမှာ အမှုရင်ဆိုင်ဖို့ ချုပ်နှောင်ခံထားရတဲ့ အချုပ်သားတွေထဲက အချုပ်သား ၁ ဒါဇင်ခွဲဟာ ကိုဗစ် ၁၉ ရောဂါ ကူးဆက်ခံထားရလို့ အရေးပေါ် ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ တောင်ကုတ်မြို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်တုံံ့ပြန်ထိန်းချုပ်ရေး အဖွဲ့ထံက သိရပါတယ်။

” မနေ့ ဇန်နဝါရီ ၂ ရက်က ဆေးစစ်ချက် အဖြေအရ အချုပ်သား ၁၈ ယောက် ပိုးတွေ့ အတည်ပြု နိုင်တာဖြစ်တယ် “လို့ တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းသူက ပြောပါတယ်။

တောင်ကုတ်မြို့မရဲစခန်းက အချုပ်သားတွေ နှာစေး ချောင်းဆိုးဖြစ်လာလို့ စစ်ဆေးလိုက်တဲ့အခါ အချုပ်သား ၁၈ ယောက်မှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးဆက်ခံထားရပြီး ကျန် အချုပ်သား ၄၀ ဟာ ရောဂါကူးဆက်ခံထားရမှု မရှိဘူးလို့ သိရပါတယ်။ အဲ့ဒါကြောင့် စနစ်တကျ ရောဂါကာကွယ် ထိန်းချုပ် ကုသနိုင်ဖို့ ပိုးတွေ့ အချုပ်သားနဲ့ ပိုးမတွေ့ အချုပ်သားတွေကို သီးခြားဆီ ခွဲခြား ချုပ်နှောင်ထားပြီး ရောဂါပိုးတွေ့ရှိခဲ့တဲ့ အချုပ်ခန်းကိုလည်း ပိုးသတ်ဆေးဖျန်းပြီး ကန့်သတ် ဧရိယာ သတ်မှတ်ထားပါတယ်။

” ပိုးတွေ့ အချုပ်သားတွေ စနစ်တကျ ဆေးကုသခံနိုင်ဖို့ သီးခြား ဆောင်ရွက်ထားပါတယ်၊ နောက်ပြီး အခြား အချုပ်သားတွေနဲ့ တပ်ဖွဲ့ဝင်တွေ ကူးဆက်ပြန့်ပွားမှု မရှိဖို့ ကျန်းမာရေး ဌာနရဲ့ ညွှန်ကြားချက် အမိန့်အတိုင်း လုပ်ဆောင်ထားပါတယ် “လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။

မနေ့ ဇန််နဝါရီ ၂ ရက်အထိ ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရသူ လူနာ ၄၀၄၆ ယောက်ရှိပြီး အဲ့ဒီအထဲက လူနာ ၃၄ ယောက်ဟာ သေဆုံးခဲ့တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက် မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံး သီတင်းပတ်ထဲက ပဲခူးတိုင်း ဖြူးမြို့မရဲစခန်းက အချုပ်သား တချို့ဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရသူတွေ စစ်ဆေးတွေ့ရှိရပြီးနောက် သီးခြား ချုပ်နှောင်လို့ ဆေးကုသဖို့ လုပ်ဆောင်ရာမှာ အချုပ်တရားခံ၂ ယောက် ထွက်ပြေးလွတ်မြောက်နေပြီး ပြန်လည် ဖမ်းဆီးရမိတဲ့ အခြေအနေတော့ မရှိသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကုတ် #အချုပ်သားများကိုဗစ်ကူးစက် #ရခိုင်ပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW