နိုင်ငံသားအထောက်အထားမဲ့သူ ၁၉ ဦးနဲ့ အခကြေးငွေယူ သယ်လာသူ ၂ ဦးကို ဖမ်းမိ

ဇန်နဝါရီ ၄-၂၀၂၁
‌ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ သံလွင်တံတားအနီးမှာ မနေ့ ဇန်နဝါရီ ၃ ရက် မနက်ပိုင်းက တရားမဝင် နိုင်ငံသားအထောက်အထားမဲ့သူ ၁၉ ဦးနဲ့ အခကြေးငွေယူ သယ်ဆောင်လာသူ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

” ရခိုင်ဘက်က လာကြတယ်လို့ စစ်ဆေးသိရှိရတယ်။ ကျိုက်မရောဘက်သွားမယ်လို့သိရပြီး နိုင်ငံသားအထောက်အထားမဲသူကိစ္စက လ.ဝ.ကနဲ့သက်ဆိုင်ပေမယ့် ပို့ပေးသူ နှစ်ဦးကိုတော့ ရဲက အမှုဖွင့်မယ်”လို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးကပြောပါတယ်။

သံလွင်တံတား(မော်လမြိုင်) မုတ္တမဘက်ခြမ်းမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ်တွေကို စစ်ဆေးနေချိန် ရန်ကုန်ဘက်ကနေ မော်လမြိုင်မြို့ဘက်ကို ယာဉ်မောင်း လှဝင်း (၄၁ နှစ်)မောင်းနှင်လာတဲ့ စူပါကာစတန် မော်တော်ယာဉ်နဲ့ ယာဉ်မောင်း မျိုးဇင် (၃၂ နှစ်) မောင်းနှင်လာတဲ့ ပရိုဘောက်စ်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာကနေ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

စစ်ဆေးရာမှာတော့ စစ်တွေမြို့နယ်မှာနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁၅ ဦးကို စစ‌်ဆေးတွေ့ရှိရပြီး သူတို့ကို ယာဉ်မောင်း လှဝင်းက ရန်ကုန်ကနေ ကျိုက်မရောကို ငွေကျပ် ၁၀ သိန်းနဲ့ တာဝန်ယူပို့‌ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး မုတ္တမနယ်မြေရဲစခန်းက ယာဉ်မောင်း(၂)ဦးကို ရာဇသတ်ကြီးဥပ‌ဒေပုဒ်မ-၃၆၇ နဲ့ အမှုဖွင့်အရေးယူ‌နေတယ်လို့ သိရပါတယ်။

Photo – ဝရဇိန်
#voiceofmyanmar #VOM #မုတ္တမ #နိုင်ငံသားအထောက်အထားမဲ့သူ

Related posts

Leave a Comment

VOM News

FREE
VIEW