မီး ဆော့ကစားရာကနေ ကလေးငယ်(၂)ဦး မီးလောင်သေဆုံး

ဇန်နဝါရီ ၄-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းရွာမှာ မနေ့ ဇန်နဝါရီ ၃ ရက်နေ့ နေ့လယ် ၂ နာရီကျော်က ကလေးငယ်(၂)ဦး မီးဆော့ကစားရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီကလေးငယ်(၂)ဦးလည်း မီးလောင်သေဆုံးသွားတယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်သေဆုံးတဲ့ ကလေးငယ်(၂)ဦးဟာ မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းရွာမှာနေတဲ့ အသက် (၅)နှစ်အရွယ် ယောင်္ကျားလေး နဲ့ အသက်(၄)နှစ်အရွယ် ယောင်္ကျားလေးတို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ ဆပ်ပြာကျင်းကျေးရွာက ကိုချစ်ဝင်းပိုင်ဆိုင်တဲ့ နွားစာတဲမှာ မီးဆော့ကစားရာကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ်ကို မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။

” နွားတင်းကုတ်မှာ ကလေးတွေက မီးနဲ့ ဆော့ကစားနေတယ် ထင်ပါတယ်၊ နွားတင်းကုတ်ကို မီးကအရင်လောင်ပြီးမှ အိမ်ကိုကူးတာပေါ့၊ကလေးနှစ်ယောက်ကလည်း ကြောက်လန့်ပြီး အိမ်ထဲဝင်သွားတယ် ထင်ပါတယ်၊ ကုတင်အောက်မှာ သူတို့ရဲ့ သေဆုံးနေတဲ့ ခန္ဓာကိုယ်တွေ တွေ့ပါတယ်၊ ကြောက်ပြီးမထွက်တာနဲ့အိမ်ပါမီးကူတော့ မီးလောင်တဲ့ အထဲ ပါသွားတဲ့သဘောပါ”လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦး‌ထက်အောင်ကပြောပါတယ်။

မီးလောင်မှုကြောင့် ထန်းရွက်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနှစ်ထပ် နွားစာတဲ(၁)လုံး ၊ ထန်းရွက်မိုး၊ ထရံကာ တစ်ထပ်လူနေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ( ၄၃၂၀၀၀)ဆုံးရှုံးခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသူ ကလေးနှစ်ဦးရဲ့ ရုပ်အလောင်းကို ရဲဆေးစာနဲ့ မြင်းမူမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊မဟုတ် မြင်းမူမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၂၁ အရ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Photo -စစ်ကိုင်းခရိုင်မီးသတ်
#voiceofmyanmar #VOM #မြင်းမူ #မီးဆော့ကစား #ကလေးငယ်နှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW