သင်္ကန်းဝတ်နဲ့အရက်သောက်တာ မသင့်တော်ကြောင်းပြောတဲ့ ကပ္ပိယကို ဥူးပဇင်းကရိုက်သတ်

ဇန်နဝါရီ ၅-၂၀၂၁
ကိုတိုးကြီး(VOM)

ကရင်ပြည်နယ် ၊ ဘားအံမြို့နယ် ၊ ကော့ရင်ကောက်ကျေးရွာအုပ်စု ၊ အင်ရှည်ပိုင်းကျေးရွာမှာ မနေ့ ဇန်နဝါရီ ၄ ရက် ညနေပိုင်းက ဥူးပဇင်း တစ်ပါးကနေ လူတစ်ယောက်ကို ရိုက်နှက်ခဲ့ရာ ရိုက်နှက်ခံရသူ သေဆုံးသွားတယ်လို့ မြိုင်ကလေးနယ်မြေရဲစခန်းကနေ သိရပါတယ်။

” အခင်းဖြစ်တာက ရွှေဥဒေါင်းဘုန်းကြီးကျောင်းဝန်းထဲက ကွပ်ပျစ်မှာဖြစ်တာပါ၊ သေဆုံးသူက အဲ့ဒီကျောင်းက ကပ္ပိယ အေးမင်းဝင်း (ခ) ချိုကြီး အသက် ၃၇ နှစ် ဖြစ်တယ်”လို့ မြိုင်ကလေးနယ်မြေရဲစခန်းက အမှုစစ် ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ရွှေဒေါင်း ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဥူးပဇင်း ဝိရိယ (လူအမည် အောင်မြတ်ထွန်း (ခ) တာချေ)ဝါတော် ၁ ဝါ ၊ အသက် ၂၇ နှစ် ဆိုသူဟာ ကပ္ပိယဖြစ်သူရဲ့ နေအိမ်က သံဖြတ်တဲ့ ကျောက်စက်ငှားရမ်းဖို့ သွားရောက်ခဲ့ရာ ကျောင်းဝန်းထဲက ကွပ်ပျစ်မှာထိုင်နေတဲ့ ကပ္ပိယ လင်မယားကိုတွေ့ပြီး ကျောက်စက်ငှားရမ်းခဲ့ပါတယ်။

အဲ့ဒီနောက် ကပ္ပိယဖြစ်သူက ” ကျွန်တော်က လူဝတ်နဲ့ အရက်သောက်တာ ဘာမှမဖြစ်ဘူး ၊ ဥူးပဇင်းက သက်န်းဝတ်ကြီးနဲ့ ဆရာတော် သိသွားရင် မကောင်းဘူး၊ ကျွန်တော်တို့ပါ အဆူခံရလိမ့်မယ်လို့ “ပြောတာကို ကပ္ပိယရဲ့ဇနီးဖြစ်သူ (မိန်းမစိတ်ပေါက်နေတဲ့ အမျိုးသား)က ကြားခဲ့ကြောင်း ရဲစခန်းမှာ ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

“ကပ္ပိယက အဲ့ဒီလိုပြောတာကို ကျေနပ်မှုမရှိလို့ ဥူးပဇင်းက လက်တလှန်ခန့်ရှိတဲ့ ဝါးရင်းတုတ်နဲ့ ကပ္ပိယကို ရိုက်ခဲ့တာဖြစ်တယ် ၊ ဦးခေါင်းရရှိဒဏ်ရာနဲ့ ကပ္ပိယ သေဆုံးသွားတာဖြစ်တယ် “လို့ မြိုင်ကလေးနယ်မြေရဲစခန်းမှူး ရဲအုပ်ကိုကိုမြက ပြောပါတယ်။

အဲ့ဒါကြောင့် မြိုင်ကလေး နယ်မြေရဲစခန်းက ဥူးပဇင်းကို မြို့နယ်သံဃမဟာနာယကဆရာတော်တွေရဲ့ အမိန့်နဲ့အညီ လူဝတ်လဲစေပြီး အမှုကြီး ဖြစ်စဉ်အမှတ်-၂ /၂၀၂၁ ၊ (ပ) ၃/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၂ အရ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။.

#voiceofmyanmar #VOM #ဘားအံ

Related posts

Leave a Comment

VOM News

FREE
VIEW