လူ ၈၀ကျော် ဖမ်းမိတဲ့ YGN KTVက မန်နေဂျာတစ်ဦးတည်းကိုသာ အမှုဖွင့်ထား

ဇန်နဝါရီ ၅-၂၀၂၀
အေးချမ်းသူ(VOM)

ကိုဗစ်ကာလအတွင်း တားမြစ်ထားတဲ့အမိန့်ကို ချိုးဖောက်ကာ ခွင့်ပြုချက်မရှိဘဲဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး စွမ်းအင်မှတ်တိုင်အနီးရှိ YGN KTV ကို မနေ့ဇန်နဝါရီ ၄ရက်နေ့ ည ၁၂ ကျော်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူဦးရေ ရှစ်ဆယ်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

YGN KTV ကို ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာတော့ ဆိုင်မန်နေဂျာနဲ့ ဆိုင်ဝန်ထမ်းတွေအပါအဝင် လာရောက်သီဆိုစားသောက်သူ စုစုပေါင်း ၈၀ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြောက်ဒဂုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က ပြောပါတယ်။

“လက်တလောမှာ ဆိုင်မန်နေဂျာကို သဘာဝဘေးအန္တရယ်ဥပဒေနဲ့ အရေးယူထားပြီး ကျန်လူတွေကို ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးထားတယ်လို့ ကြားတယ်”လို့ ဒေါက်တာခင်မောင်မောင်ကပြောပါတယ်။

ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ခဲ့တဲ့ YGN KTVကို ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ပူးပေါင်းအဖွဲ့အစည်းတွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆိုင်မန်နေဂျာတစ်ဦး၊ ဆိုင်ဝန်ထမ်း ၃၀ဦးနဲ့ လာရောက်သီဆိုသူ ၅၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းကျော်ကို မေးမြန်းရာမှာတော့ “အဲ့ဒီကိစွနဲ့ပတ်သတ်ပြီး ခရိုင်မှူးရယ် မြို့နယ်ရဲတပ်ဖွဲ့မှူးတွေ အစည်းအဝေးလုပ်ပြီး ဆောင်ရွက်နေတယ်၊ ကျနော်တို့က ဒီကိစွနဲ့ပတ်သက်ပြီး ဘာမှပြောလို့မရပါဘူး”လို့ VOMကိုပြောပါတယ်။

လက်တလောအခြေအနေမှာတော့ ဆိုင်မန်နေဂျာကို (ပ) ၆/၂၀၂၁၊ သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ- ၂၅ နဲ့ အမှုဖွင့်အရေးယူထားပြီး ကျန်သူတွေကို ဆက်လက်အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ မြောက်ဒဂုံမြို့မရဲစခန်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ရက်နေ့ကလည်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ဆရာစံလမ်းရှိ The World Wide KTV ဆိုင်ကိုလည်း တားမြစ်ထားချိန် ဆိုင်ဖွင့်တဲ့အတွက် ဆိုင်မန်နေဂျာနဲ့ ကားလောကမှာ နာမည်ကြီးတဲ့ အရည်ကြို(ခ)အောင်ဇော်ဦးအပါအဝင် လူ ၉ဦးကို ဖမ်းဆီးရမိခဲ့ပြီး သဘာဝဘေးအန္တရယ်စီမံခန့်ခွဲဥပဒေပုဒ်မ-၂၅၊၃၀ နဲ့ ဗဟန်းမြို့မရဲစခန်းမှာ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #YGNKTV #ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW