အသက် ၅ နှစ်အရွယ် မိန်းကလေးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူက အဓမ္မပြုကျင့်

ဇန်နဝါရီ ၅-၂၀၂၁
မောင်တာရာ(VOM)

စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊ မန်ကျည်းကုန်းရပ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့သူက အသက် ၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှု မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

မန်ကျည်းကုန်းရပ်မှာနေတဲ့ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးရဲ့အမေဖြစ်သူဟာ နေအိမ်မှာရောင်းချတဲ့ငါးတွေကို ရေခဲရိုက်သိမ်းဆည်းနေချိန် အသက် (၅) နှစ်အရွယ် သမီးဖြစ်သူ နေအိမ်ကနေထွက်သွားပြီး ပြန်မလာတဲ့အတွက် လိုက်လံရှာဖွေရာ ညနေ ၆ နာရီခန့် နေအိမ် နဲ့ကိုက် (၁၀၀) ခန့်အကွာ ပိုက်ကျော်ခြင်းကွင်းအနီး ကိုင်းတောအတွင်း သမီးဖြစ်သူကိုတွေ့ရှိခဲ့တယ်လို့ မှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။

”မနေ့ညနေကပေါ့ အဲ့ဒီကလေးလေးက ကိုင်းတောထဲက ထွက်လာတာ၊ တုံးလုံးလေး သွေးတွေကလည်းရဲလို့ပေါ့။ အဲဒီမှာ ခြင်းခတ်တဲ့သူတွေကတွေ့တော့ သွားမေး၊ ကောင်းကောင်းမွန်မွန် မဖြေနိုင်ဘူး၊ အဲဒီမှာရပ်ထဲက တစ်ယောက်ကနေပဲ ကလေးလေးကိုပွေ့ပြီး ရာအိမ်မှူးအိမ်ကို ခေါ်လာတာပေါ့။ ရာအိမ်မှူးကနေ မုဒိမ်းမှုဖြစ်ပြီထင်တာပဲဆိုပြီး ကျွန်တော့်ဆီကိုဖုန်းဆက်ပြီး လှမ်းခေါ်တယ်။ အဲ့ဒီကလေးကို အင်္ကျီ တွေဝတ်ပေး စောင်လေးနဲ့ပတ်ပြီး ထားပေးတယ်။ ပြီးတော့ ကလေးကိုချော့မေးတော့ ဦးလေးငဝင်းက လုပ်တာတဲ့ ပြောတယ်၊ ဦးလေးငဝင်းဆိုတာ လူသတ်မှုနဲ့ ထောင်ကထွက်လာတဲ့သူ၊ အဲ့ဒီမှာ ကလေးလေးကို ဆေးရုံပို့၊ နယ်ထိန်းတွေခေါ် မုဒိမ်းကျင့်တဲ့သူကိုဖမ်း အချုပ်ခန်းထဲပို့လိုက်တယ်။ ကလေးက ချုပ်ရတယ်၊ ဘယ်နှစ်ချက်ချုပ်ရလည်းမသိဘူး”လို့ တင်းတိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်က ပြောပါတယ်။

အသက် ၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သူဟာ မန်ကျည်းကုန်းရပ်နေ အသက် ၂၅ နှစ်အရွယ် မောင်ဝင်း(ခ)ငဝင်းဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကနေပြန်လွတ်လာသူဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သတ်ပြီး စစ်ကိုင်းနယ်မြေရဲစခန်းက မောင်ဝင်း (ခ)ငဝင်းဆိုသူကို (ပ)၂/၂၀၂၁၊ ပုဒ်မ-၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #၅နှစ်မိန်းကလေး #အဓမ္မကျင့်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW