တောင်ကြီးမြို့မှာ လူအားလုံး ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးနိုင်တော့မယ်

ဇန်နဝါရီ ၁၃-၂၀၂၁
နေနန်းနွယ်(VOM)

တောင်ကြီးမြို့မှာ လူတစ်ဦးကို ငွေကျပ် ၁၅၀၀၀နူန်းနဲ့ ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးနိုင်တော့မှာဖြစ်တယ်လို့ တောင်ကြီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

“အခုလက်ရှိ အစိုးရအဖွဲ့က လမ်းညွှန်ပြီးတော့ ကျွန်တော်တို့ အကြမ်းဖျင်းစီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေဖြစ်ပါတယ်၊ ကျွန်တော်တို့က အများစစ်မယ့် နေရာကတော့ အစိုးရအဖွဲ့ရုံးအဟောင်း ၊ ယခင်တုန်းကတော့ ခရိုင်ကော်မရှင် ရုံးသုံးခဲ့တဲ့နေရာပေါ့၊ အဲ့ဒီနေရာကို စစ်ဆေးရေးဌာနအဖြစ်သတ်မှတ်ပြီး ပြင်ဆင်မှုတွေလုပ်မယ်ဆိုပြီးတော့ ရည်ရွယ်ထားပါတယ်၊ ဇန်နဝါရီ ၁၈ ရက်နေ့မှာ စနိုင်အောင်လို့ ရည်မှန်းပြီး ပြင်ဆင်နေပါတယ်၊ ကျွန်တော်တို့ကတော့ အလွန်ဆုံး တစ်ရက်ကို အယောက် ၁၅၀ စစ်ပေးနိုင်ဖို့ လက်ရှိမှာ ချိန်ထားပါတယ်၊ လူ ၁၅၀ ကို လူစူလူဝေးမဖြစ်ပဲ စစ်ပေးနိုင်အောင် စီစဉ်နေပါတယ်၊ အထဲမှာ လူ အယောက် ၁၅၀ ပြည့်ပြီဆိုရင်တော့ ကျွန်တော်တို့ တံခါးပိတ်ထားလိုက်မှာပေါ့၊ နောက်နေ့ကျမှပဲ ကျန်တဲ့အဖွဲ့ကို ဆက်စစ်ပေးမှာပေါ့၊ အထဲကို ဝင်ရောက်တဲ့အခါမှာလည်း ပိတ်ဆို့မှုမဖြစ်အောင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း သတ်မှတ်အကွာအဝေးတို့နဲ့ လုပ်ဆောင်လို့ရအောင် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားတာတော့ရှိပါတယ်၊ ဒီ ပိုးစစ်ဆေးတာကတော့ လူအားလုံးအတွက် စစ်နိုင်အောင် ရည်ရွယ်ထားပါတယ်၊ အဓိကကတော့ ကျွန်တော်တို့ဒေသတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ဆန္ဒအလျောက် စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက်ကို ရည်ရွယ်ပါတယ်၊ အဲ့ဒါအပြင် ဟိုပုံးတို့၊ညောင်ရွှေတို့၊ ကလောတို့အစရှိတဲ့နေရာတွေကနေပြီးတော့ သူတို့ရဲ့ ဆန္ဒအလျောက် လာရောက်စစ်ဆေးချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ ခွင့်ပြုသွားမှာပါ၊ တောင်ကြီးမြို့ကို ဦးစားပေးပြီး အရင်ဦးဆုံး ကျွန်တော်တို့က ဒါကို အခြေပြုတဲ့သဘောဖြစ်ပါတယ်၊ ဒါပေမယ့် တခြားပတ်ဝန်းကျင်ဒေသကနေ စစ်ဆေးချင်တဲ့လူတွေလာမယ်ဆိုရင်လည်း ကျွန်တော်တို့က သတ်မှတ်တဲ့ အခကြေးငွေနဲ့ အညီ စစ်ဆေးဆောင်ရွက်နိုင်ရေးကို ကျွန်တော်တို့က တစ်ရက်ကို အယောက် ၁၅၀ နှုန်းနဲ့ ချိန်ထိုးပြီးတော့ ဆောင်ရွက်ပေးသွားမှာပါ၊ လေယာဉ်နဲ့ သွားလို့ရတဲ့ ခရီးစဉ်တွေရှိတယ်၊ ပြီးတော့ ကုန်းလမ်းကနေပြီးတော့ Stay At Home နဲ့ Non Stay At Home သတ်မှတ်တဲ့အပေါ်မှာ ပြည်ထောင်စုကနေပြီးတော့ သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ အညီ သွားလာခွင့်တော့ ရမှာဖြစ်ပါတယ်“လို့ တောင်ကြီးမြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောပါတယ်။

ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးပေးတဲ့ အစီအစဉ်ကို ဇန်နဝါရီလ ၁၈ ရက်နေ့ကစ ပြီး လုပ်ဆောင်နိုင်အောင် ပြင်ဆင်နေတာဖြစ်ပြီး တစ်ဦးကို ၁၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

အခုလို ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးပြီးရင်တော့ ပြည်ထောင်စုက သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ ခရီးသွားလာနိုင်တော့မှာဖြစ်တယ်လို့ သိရပြီး ကိုဗစ်ပိုးရှိ၊မရှိကိုတော့ RDT Test Kit တွေနဲ့ စစ်ဆေးပေးမယ်လို့လည်း သိရပါတယ်။

လက်ရှိ တောင်ကြီးမြိ ု့ပေါ်မှာ ကိုဗစ်ပိုးတွေ့လူနာ ၂၀၄ ဦးရှိပြီး အယောက် ၁၆၀ ကျော်ကတော့ ပြန်လည်သက်သာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #ကိုဗစ် #စစ်ဆေးနိုင်တော့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW