အလောင်းတော်ကဿပ ဘုရားဖူးကာ တောင်အဆင်းမှာ တိမ်းမှောက်လို့ လူ ၂ ဦးသေ ၁၅ ယောက် ဒဏ်ရာရ

ဇန်နဝါရီ ၁၃ – ၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အကြား ကပိုင်ကျေးရွာရဲ့အနောက်ဘက် ထိုးတောင်ကွေ့အနီးမှာ မနေ့ ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီက အလောင်းတော်ကဿပ ဘုရားဖူး အဆင်းကားတစ်စီး ဘရိတ်ပေါက်ပြီး ကွန်ကရက်လမ်းပေါ် တိမ်းမှောက်ခဲ့ပါတယ်။

တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာတဲ့ လူ ၂ ယောက်သေဆုံးပြီး ၁၅ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ယင်းမာပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

” ဘုရားဖူးရာသီရောက်တာတော့ ဟုတ်တယ် ၊ ကိုဗစ်ကြောင့် ဖွင့်ခွင့်မပြုသေးဘူး ၊ အခုမှောက်တဲ့ ဘုရားဖူးကားက ဘုတလင်မြို့နယ် နတ်ရွာကလို့ သိရတယ်၊ Skat အမျိုးအစား အပြာရောင် ၆ ဘီး ယာဉ်ဖြစ်တယ်၊ ယာဉ်မောင်းသူက နေရာမှာတင်သေဆုံးပြီး ၃ ယောက်ကတော့ အထူးစိုးရိမ်ရတယ် ၊ စိုးရိမ်ရ လူနာ ၃ ယောက်အပါအဝင် လူ ၁၆ ယောက် ဒဏ်ရာရတယ်”လို့ ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက တာဝန်ကျဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ကားဟာ မနေ့ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက ပုလဲမြို့ဘက်ကို အုတ်ပို့ပြီးနောက်ပိုင်း အလောင်းတော်ကဿပ ဘုရားကိုသွားရောက်ဖူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရ လူနာတွေကို ကပိုင်တိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသပြီးနောက် မုံရွာပြည်သူ့ဆေးရုံကြီး အရေးပေါ် လူနာကို လွဲပြောင်း ပို့ဆောင်ထားပါတယ်။

ယာဉ်မောင်းဖြစ်သူဟာ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာရလူနာတွေထဲက အမျိုးသားတစ်ဦးကလည်း မုံရွာဆေးရုံအရောက်မှာသေဆုံးသွားတာဖြစ်တဲ့အတွက် အဲ့ဒီ ကားမှောက်တဲ့ကိစ္စကို ကနီမြို့နယ်ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ကိုဗစ်-၁၉ ရောဂါကြောင့် ဘုရားဖူးခွင့်ကို ယာယီပိတ်ထားတဲ့ကြားက အခုလို ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo – ယင်းမာပင်မြို့နယ် ထွေ/အုပ်
#voiceofmyanmar #VOM #ယင်းမာပင် #အလောင်တော်ကဿပ #ဘုရားဖူးကားမှောက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW