တရုတ်လုပ်ငန်းရှင်ပြန်သွားလို့ တစ်သျှူးငှက်ပျောအလုပ်သမားတွေ လုပ်အားခမရ

မြစ်ကြီးနား၊ ဇန်နဝါရီ- ၁၃- ၂၀၂၁
ရန်အောင်ထွန်း(VOM)
ကချင်ပြည်နယ်ကို တစ်သျှူးငှက်ပျောစိုက်ပျိုးတဲ့လုပ်ငန်း လာလုပ်တဲ့ တရုတ်လုပ်ငန်းရှင်တွေက လုပ်အားခမရှင်းဘဲ ပြန်သွားလို့ အလုပ်သမားတွေ အခက်အခဲ ဖြစ်နေပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းမှာ စဉ်ကြိုင်ကုမ္ပဏီရဲ့ ငှက်ပျောလုပ်ငန်းက အလုပ်သမား အဖွဲ့ ၁၆ ဖွဲ့ဟာ အလုပ်သမား ၅၂ ဦးအတွက် လုပ်အားခ သိန်း ၁၀၀၀ လောက် မရလိုက်ဘူးလို့ ပြောပါတယ်။
မြစ်ကြီးနားမြို့နယ်အတွင်းက ဘော်လားကုမ္ပဏီရဲ့ တစ်သျှူးငှက်ပျောလုပ်ငန်းက အလုပ်သမား ၂၉ ဦးလည်း အလားတူ တရုတ်ငှက်ပျောသူဋ္ဌေးပြန်သွားလို့ လုပ်အားခမရဘဲ အခက်ကြုံနေရတာပါ။
သူတို့ရဲ့ လုပ်အားခတွေ ပြန်ရနိုင်ဖို့ လ အတန်ကြာစောင့်ဆိုင်းနေရတာမို့ နီးစပ်ရာ တောင်ယာလုပ်ငန်းနဲ့ နေ့စားလုပ်ငန်းတွေ ဝင်လုပ်ရင်း စာဝတ်နေရေးဖြေရှင်းနေရလို့ အခက်တွေ့နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း ကတော့ “အဲ့ဒီလို တရုတ်သူဋ္ဌေးပြန်သွားလိုူ့ လုပ်အားခမရတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ တရုတ်လုပ်ငန်းရှင်နဲ့ အတူလုပ်ကိုင်တဲ့ ကုမ္ပဏီပိုင်ရှင်ကို တာဝန်ခံခိုင်းရမှာ” လို့ ဆိုပါတယ်။
တစ်သျှူးငှက်ပျော အလုပ်သမားတွေ လုပ်ခမရလို့ ၂၀၁၉ ခုနှစ်မှာ အမှု ၂၀ ကျော်နဲ့ ၂၀၂၀ ခုနှစ်မှာ အမှု ၅၀ ကျော် တိုင်ကြားထားပါတယ်။ အမှုတစ်ခုမှာ အလုူပ်သမား ဦးရေ ၄၀ ကျော် ၅၀ ဝန်းကျင် ပါဝင်နေတာပါ။ တိုင်ကြားခံရတဲ့ ကုမ္ပဏီကလည်း ၅၀ ကျော်ရှိတယ်လို့ ကချင်ပြည်နယ် လဝက ဝန်ကြီးက ပြောပါတယ်။
တိုင်ကြားခံရတဲ့ တစ်သျှူးငှက်ပျောလုပ်ငန်း အများစုက တရားမဝင်လုပ်ငန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာ Green Card (GC)ကိုင်တဲ့ တရုတ်လုပ်ငန်းရှင်တွေရဲ့ တစ်သျှူးငှက်ပျောလုပ်ငန်း ၈ ခု ရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW