တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို အွန်လိုင်းကနေ ကျင်းပမယ်

ဇန်နဝါရီ ၁၇ -၂၀၂၁
ယဉ်ပပထွန်း(VOM)

ဖေဖော်ဝါရီလမှာ ကျင်းပမယ့် တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို ကိုဗစ်ကာလဖြစ်တဲ့အတွက် မြေပြင်မှာကျင်းပခွင့်မရတာကြောင့် အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်တယ်လို့ သွေးချင်းပွဲတော်ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်။

“ ပထမမှာ မြန်မာ့အသံကနေ လွှင့်မယ်။ အဆိုတွေ အကတွေ ဒေသရဲ့ အကြောင်းအရာတွေ အဝတ်အထည် သမိုင်းကြောင်းကို မြန်မာ့အသံက သောကြာနေ့တိုင်း ည ၉ နာရီကနေ ၁၁ နာရီထိ ပြသွားမှာပါ ။ အဲ့ဒါကိုတော့ ဖေဖော်ဝါရီ ၁၂၊ ၁၉၊ ၂၆ ၊ မတ်လ ၅ ရက် ၊ ၁၂ ရက် စုစုပေါင်း ၅ ကြိမ် ပြသွားမှာပါ။ တိုင်းရင်းသားတွေရဲ့ အနည်းဆုံး သီချင်း ၃ ပုဒ်နဲ့ အက ၂ မျိုးတင်ဆက်မယ်။ ဖေ့စ်ဘုတ်ကနေလည်း တင်ပြမယ်။ နောက်တစ်ခုက ဝဘ်ဆိုက်ကနေပြမယ်၊ အဲ့ဒီအထဲမှာတော့ တိုင်းရင်းသားထုတ်ကုန်ပစ္စည်းတွေကို ဝင်ရောက်လေ့လာပြီး ဝယ်ယူလို့ရအောင်စီစဉ်ထားပါတယ်။ ဆိုင်ခန်းပေါင်း အနည်းဆုံး ၄၀၀ လောက်ပါဝင်ပြသသွားမှာပါ။ တိုင်းရင်းသားတစ်မျိုးကို ဆိုင်ခန်း ၂၅ ခန်းပေးထားပါတယ်”လို့ သွေးချင်းပွဲတော်ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က VOMကိုပြောပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုးကန့် ၊ ဓနု ၊ နာဂ ၊ ပအိုဝ်း ၊ “ဝ” စတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၆ ခုလုံးကိုလည်း သွေးချင်းတို့ရဲ့ပွဲတော်မှာ ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။

သွေးချင်းတို့ရဲ့ပွဲတော်ဆီကို မြန်မာ့အသံနဲ့ စနစ်တကျရိုက်ကူးထုတ်လုပ်တဲ့အခါ တိုင်းရင်းသားအဆိုတော်တွေလည်းပါဝင်တဲ့အတွက်ကြောင့် အသစ်သစ်တွေ ကြည့်ရမှာဖြစ်တဲ့အပြင် တိုင်းရင်းသားတွေရဲ့ အကြောင်းကို လေ့လာမှုတစ်ခုဖြစ်လာမယ်လို့လည်း သိရပါတယ်။

“ ဖွင့်ပွဲမှာတေ့ာ နိုင်ငံတော်အကြီးအကဲတွေ မိန့်ခွန်းပြောဖို့ ဖိတ်ကြားထားတာရှိတယ်၊ ပိတ်ပွဲလည်း နိုင်ငံတော်အကြီးအကဲတွေ မိန့်ခွန်းပြောဖို့ လုပ်ဆောင်ထားပါတယ် ။ မြန်မာအသံကပဲ ဖွင့်ပွဲပိတ်ပွဲလုပ်မှာပါ“လို့ ဒေါက်တာအောင်ရဲဇော်က ပြောပါတယ် ။

သွေးချင်းတို့ရဲ့ပွဲတော်ဆီကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီ ၃၀ အထိ ပြုလုပ်မှာဖြစ်ပြီး မတ်လ ၁၂ ရက်နေ့မှာတော့ ပိတ်ပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ကနေစပြီး သွေးချင်းတို့ရဲ့ပွဲတော်ဆီကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး လူဦးရေ ၁ သန်းကျော်တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo – သွေးချင်းတို့ရဲ့ပွဲတော်ဆီ
#voiceofmyanmar #VOM #ရန်ကုန် #သွေးချင်းပွဲတော် #အွန်လိုင်းကကျင်းပမယ်

Related posts

Leave a Comment

VOM News

FREE
VIEW