BYMA ကုမ္ပဏီအလုပ်သမားတွေ ဆန္ဒပြတောင်းဆိုမှု ပြန်လည်အဆင်ပြေ

ဇန်နဝါရီ ၁၉-၂၀၂၁
ယဉ်ပပထွန်း(VOM)

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးအနီးရှိ မီးရထားဝန်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်က BYMA ကုမ္ပဏီလုပ်သားတွေဟာ လုပ်ခလစာ ဖြတ်တောက်ခြင်းနဲ့ နိုင်ငံတော်ကထောက်ပံ့ပေးတဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေတွေ မရရှိလို့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆန္ဒတောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြမှုကြောင့် ကုမ္ပဏီဘက်ကနေ အလုပ်သမားတွေတောင်းဆိုတာကို လိုက်လျောမယ်လို့ ပြောဆိုခဲ့တဲ့အတွက် ဒီကနေ့ညနေပိုင်းမှာ ညှိနိူင်းမှုအဆင်ပြေသွားပြီဖြစ်တယ်လို့ သိရပါတယ်။

” တိုင်းဒေသကြီး လူမူဖူလုံရေးက တာဝန်ရှိသူတွေနဲ့ အထဲမှာ ညှိနိုင်းတဲ့အခါမှာ ကိုဗစ်ဒုတိယလှိုင်းမှာ ရရှိမယ့် လူမူဖူလုံရေးကြေးထောက်ပံ့မူကို ဒီလ ၂၆ ရက်နေ့မှာ အားလုံးအတွက် ကုမ္ပဏီကို ချက်လက်မှတ်ပို့ပေးပါမယ်လို့ ညှိနိုင်းမှုရလာပါတယ်။ အစိုးရရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်နေရတဲ့အတွက်ကြောင့် အမြန်ဆုံးလုပ်ပေးရတာဖြစ်ပါတယ်။ မှန်မှန်ကန်ကန် တိတိကျကျလုပ်ပေးဖို့ ကုမ္ပဏီက ပံ့ပိုးကူညီပေးသွားမှာပါ၊ အလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေဖြစ်တဲ့ တစ်ပတ်စာလုပ်ခလစာရယ် ကားခတွေရယ် OT ကြေးတွေရယ် ဘောနက်စ်တွေရယ် အားလုံးကို ၂၆ ရက်နေ့မှာ အားလုံးရှင်းပေးသွားမှာဖြစ်ပါတယ်”လို့ BYMAကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလုပ်သမားတွေတောင်းဆိုတဲ့ အချက် ၆ ချက်ကတော့ လူမူဖူလုံရေးရရှိရေး၊ ငွေရှင်းရက်ကို ပုံမှန်ထားပေးရေး၊ OT ချိန်မှန်ကြေး ရက်မှန်ကြေး ဘောနက်စ်ကြေးရရှိရေး၊ မိမိဖိုမင်ထံမှ ခွင့်တင်ရရှိရေး၊ EC စာချုပ်ရရှိရေး၊ SAFTYပစ္စည်း လုံလောက်အောင်ထုတ်ပေးရေး၊ အလုပ်ပြုတ်ခံရရင် ရရှိစေမယ့်အကျိုးခံစားခွင့်ကို ပွင့်လင်းစွာချပြရေး စတဲ့အချက်တွေပဲဖြစ်ပါတယ်။

တာဝန်ရှိသူတွေဘက်ကတော့ အချက် ၂ ချက်ပဲ လုပ်ပေးမှာဖြစ်ပြီး ကျန်တဲ့အချက်တွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနိုင်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

BYMA ကုမ္ပဏီအလုပ်သမားတွေဟာ လူအင်အား ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပြီး နောက်ပိုင်းမှာ အခုလို ကုမ္ပဏီဘက်နဲ့ ညှိနိူင်းမှုအဆင်ပြေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – ရွှေအင်းသား ခင်မောင်ဝင်း
#voiceofmyanmar #VOM #ရန်ကုန် #BYMAကုမ္ပဏီ #အလုပ်သမားဆန္ဒပြ #ညှိနိူင်းမှုအဆင်ပြေ

Related posts

Leave a Comment

VOM News

FREE
VIEW