စစစ အဖွဲ့ကဆိုပြီး အောင်ဘာလေထီ လိမ်ရောင်းသူတွေကို ဖမ်းဆီးရမိ

ဇန်နဝါရီ ၂၀ -၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကိုင်းကြီးကျေးရွာအုပ်စု၊ ခေါင်းကိုက်ကျေးရွာမှာ စ.စ.စ အဖွဲ့ကပါဆိုပြီး အောင်ဘာလေထီလက်မှတ် ၁ အုပ်ကို ပိုက်ဆံ ၈ သောင်းကျပ်နဲ့ အတင်းအဓမ္မ ခြိမ်းခြောက်လာရောင်းတဲ့သူ ၄ဦးထဲက ၃ဦးကိုဖမ်းဆီးထားတယ်လို့ ဗန်းမောက်မြို့မရဲစခန်းကနေ သိရပါတယ်။

အတင်းအဓမ္မ ထီလာရောင်းတာကို ကြောက်လန့်လို့ ထီဝယ်လိုက်ရသူတွေက ကျေနပ်မှုမရှိလို့ မနေ့ ဇန်နဝါရီ ၁၉ရက်နေ့က ရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။

ထီလက်မှတ် ၂ အုပ်ဝယ်ယူခဲ့ရသူ ဦးအောင်နိုင်ဦးကတော့ ” လူ ၄ ယောက် အိမ်ကိုရောက်လာတယ် ၊ (၂၄)ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ် ၁ အုပ်ကို ၈ သောင်းနဲ့ဝယ်ရမယ်လို့ အတင်းအဓမ္မခိုင်းတယ်၊ အဲ့ဒီ ငွေကြေးလောက်ကြီး မတတ်နိုင်ဘူးပြောတော့ ၊ ငါတို့က စ.စ.စ အဖွဲ့ကဖြစ်တယ်၊ မဝယ်ဘူးဆိုရင် ဖမ်းမယ်လုပ်တော့ ထီ ၂ အုပ်ကို ၁ သိန်း ၆ သောင်းနဲ့ ကြောက်လို့ဝယ်လိုက်ရတယ်၊ ကျွန်တော် တစ်ယောက်ထဲမဟုတ်ဘူး၊ ကျန်တဲ့လူ ၆ ယောက်လည်း ဝယ်လိုက်ရတယ်၊ သူတို့က တစ်ယောက် ၁ အုပ်စီ”လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျ ရဲအရာရှိတစ်ဦးကလည်း ” BSI (စစစ)ဝန်ထမ်း အယောင်ဆောင်ပြီး အောင်ဘာလေထီ လက်မှတ်ရောင်းသူ ၄ ယောက်ဖြစ်တယ် ၊ သူတို့က ဒေသခံတွေမဟုတ်ဘူး၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာက ဇာနည်ကျော်ထက် ၊ မန္တလေး ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်က သိန်းဝင်း(ခ) ပြောင်ကြီး ၊ မဟာအောင်မြေမြို့နယ် တမာကုန်းရပ်ကွက်က ဌေးမောင် ဆိုသူနဲ့ ဇော်ဝင်းဦး (ခ) ကျစ်ကျစ် ဆိုတဲ့ လူ ၄ ယောက်ဖြစ်တယ်”လို့ ပြောပါတယ်။

အဲ့ဒီ လူ ၄ ယောက်ထဲက ၃ရောက် ဖမ်းဆီးရမိထားပြီး ဗန်းမောက်မြို့မရဲစခန်းက (ပ) ၄/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၇၀/၃၈၄/၁၁၄ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝန်ထမ်းအယောင်ဆောင်ပြီး ထီလက်မှတ်တွေကို ခြိမ်းခြောက်ဝယ်ယူခိုင်းသူ ၄ ယောက်ဟာ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းကလည်း ကိုင်းကြီးကျေးရွာအုပ်စု၊ ခေါင်းကိုက်ရွာက လူနေအိမ်တစ်လုံးကိုဝင်ရောက်ပြီး မူးယစ်ဆေးဝါးရောင်းတယ်လို့ စွပ်စွဲကာ တစ်ပတ်အတွင်း ဆက်ကြေး ၂ ခါ လာရောက်ကောက်ခံသူတွေဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြကာ အရေးယူထားတဲ့သူတွေလည်း ဖြစ်ပါတယ်။

အဲ့ဒီ အယောင်ဆောင် ၄ ယောက်ဟာ ရှမ်းတိုင်းရင်းသားမျိုးနွယ်တွေ အများစုနေထိုင်တဲ့ ဗန်းမောက်မြို့နယ်ထဲက ကျေးလက်နေ ပြည်သူတွေကို ကသာခရိုင်မူးယစ်အဖွဲ့ ၊ စ.စ.စ အဖွဲ့ ၊ သတင်းထောက်အဖွဲ့ လို့ အမျိုးမျိုးပြောဆိုခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံနေသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဗန်းမောက် #စစစအယောင်ဆောင် #ထီရောင်းသူတွေ #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW