စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို ဂရိတ်ဝေါလ်ဦးတင်မောင်က မြေ(၁၂)ဧကကျော် လှူဒါန်း

ဇန်နဝါရီ ၂၃ -၂၀၂၁
မောင်တာရာ (VOM)

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို ဂရိတ်ဝေါလ်ဂရု(ဖ်)ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးတင်မောင်က အစိုးရစက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း)တည်ဆောက်ဖို့အတွက် မြေ(၁၂ ဒသမ ၃၅ )ဧက လှူဒါန်းခဲ့ပါတယ်။

စာချုပ်စာတမ်းနဲ့တကွ မြေယာလှူဒါန်းခြင်းအခမ်းအနားကို မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပြီး အဲ့ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ဝန်ကြီးတွေကိုယ်တိုင် တက်ရောက်လက်ခံရယူခဲ့ပါတယ်။

”ကျွန်တော်တို့ စစ်ကိုင်းမြို့ဟာ တိုင်းမြို့တော်အဖြစ်ကနေ ရွေ့နှောသွားခဲ့သော်လည်း ပညာရေးမြို့တော်အဖြစ် ဖြစ်ချင်တဲ့ဆန္ဒအများကြီးရှိပါတယ်၊ အဲ့ဒီလို ရှိသလိုပဲ တက္ကသိုလ် ၅ ခု နဲ့ ကောလိပ် နှစ်ခုရှိတဲ့အပြင် အခု စက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း)ကို ရပြီဖြစ်တဲ့အတွက် ဒီအိမ်မက်ကြီးက အကောင်အထည်ဖော်လာတော့မှာပါ။ ဒီကျောင်းရခဲ့တာက ပညာရေးဝန်ကြီးဌာနက ချပေးခဲ့တာဖြစ်ပါတယ်၊ ပိုပြီးသေချာအောင် အကြောင်းကြောင့်ကြောင့် ကတိကဝတ်ပျက်မသွားအောင် ကျွန်တော်က ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်း တင်ပြတောင်းခဲ့ပါတယ်”လို့ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းကပြောပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယရက်မှာ စစ်ကိုင်းမဲဆန္ဒနယ် ဦးခင်မောင်သိန်းက ကျောက်တာကျေးရွာအနီးမှာ အဆင်သင့်ရှိနေတဲ့ မြေဧရိယာ(၁၄)ဧကခန့်ပေါ်မှာ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတစ်ကျောင်း တည်ဆောက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီမေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြေနေရာရရှိမယ်ဆိုရင် တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကစပြီး ရန်ပုံငွေ ထည့်သွင်းလျာထား စီစစ်ဆောင်ရွက်သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အရင်လျာထားတဲ့ စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာအနီးက မြေဧက ၁၄ ဧကခန့်ဟာ အစိုးရရဲ့ စီမံခန့်ခွဲခွင့်ရှိတဲ့ မြေလွတ်မြေလပ်နေရာဖြစ်ပေမယ့် ကျောင်းဆောက်ဖို့ အဆင်မပြေတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးခေါင်းဆောင်ပြီး ကျောင်းဆောက်လုပ်ဖို့ မြေနေရာရှာဖွေခဲ့ပါတယ်။

စစ်ကိုင်းခရိုင် ခရိုင်ချင်းဆက်လမ်း ကွင်းအမှတ်(၇၈၂)နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲ့ဒီနေရာပိုင်ဆိုင်တဲ့ ဂရိတ်ဝေါလ်ဂရု(ဖ်)ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးတင်မောင် နဲ့ တောင်သူသုံးဦးထဲက မြေနေရာကို အလှူခံခဲ့တာပဲ ဖြစ်ပါတယ်။

” မြေနေရာကို ကျွန်တော်တို့အပါအဝင် စီမံ/ဘဏ္ဍာဝန်ကြီးနဲ့မြေရှာဖွေကြတာ၊ ရှာဖွေတော့ ဂရိတ်ဝေါလ်ဦးတင်မောင်က မြေ (၁၂ ဒသမ ၃၅) လှူဒါန်းတယ်။ တောင်သူ ၃ ဦးကလည်း ကျောင်းအဝင်လမ်းအတွက် အကျယ်ပေ ၁၀၀ အရှည်ပေ ၇၀၀ ရှိတဲ့ လမ်းကြီးကို လှူဒါန်းပါတယ်”လို့ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းကပြောပါတယ်။

ဂရိတ်ဝေါလ်ဂရု(ဖ်)ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးတင်မောင်ကတော့ ”အနာဂတ် မြန်မာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာတတ်လူငယ်လူရွယ်တွေ ပေါ်ထွန်းလာစေဖို့ အတတ်ပညာကျောင်းတွေ ပေါ်ထွန်းလာစေရေးအတွက် ကျွန်တော်ပိုင် မြေနေရာ(၁၂ဒသမ၃၅)ဧက ကာလတန်းဖိုး ကျပ်သိန်းပေါင်း ၂၀၀၀ ခန့်ကို လှူဒါန်းခွင့်ရတဲ့အတွက် များစွာဂုဏ်ပြုပီတီဖြစ်မိပါတယ်”လို့ ပြောပါတယ်။

အစိုးရစက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း)ကို စစ်ကိုင်းခရိုင် ခရိုင်ချင်းဆက်လမ်း၊ ကွင်းအမှတ် (၇၈၂)၊ ဦးပိုင်ပေါင်း ၆ ခုမှာရှိတဲ့ မြေဧရိယာစုစုပေါင်း ၁၄ ဒသမ ၃၅ ဧကပေါ်မှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ကနေ စတင်တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကိုင်းမြို့နယ်မှာတော့ တက္ကသိုလ် ၅ ခု ၊ကောလိပ် ၂ခု ရှိနေပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း)ကိုတော့ ထပ်မံတည်ဆောက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ဂရိတ်ဝေါလ်ဦးတင်မောင် #တိုင်းအစိုးရကို #မြေ၁၂ဧကလှူဒါန်း

Related posts

Leave a Comment

VOM News

FREE
VIEW