မြန်မာ့ဆန် တန်ချိန်တစ်သိန်း ဘင်္ဂလားဒေ့ရှ် ဝယ်ယူမယ်

ဒါကာ၊ ဇန်နဝါရီ ၂၅-၂၀၂၁
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ပြည်သူသန်း ၁၆၀ အတွက် အဓိကစားသောက်ကုန်တွေရှားပါးမှုကို ကျော်လွှားနိုင်ဖို့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ရိုဟင်ဂျာပြသနာကို ဘေးချိတ်ပြီး မြန်မာနိုင်ငံက ဆန်တန်ချိန်တစ်သိန်း ဝယ်ယူမှာဖြစ်ပါတယ်။

နိုင်ငံအတွင်း ဆန်ဈေးနှုန်းကြီးမြင့်နေတာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် ပြဿနာတစ်ရပ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့ကာ ဆန်ဈေးနှုန်း စံချိန်တင်မြင့်တက်နေတာဖြစ်ပါတယ်။

မွတ်စလင်အများစုရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဗုဒ္ဓဘာသာအများစုနေထိုင်ရာ မြန်မာနိုင်ငံတို့အကြား ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ လက်ခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်သန်းနီးပါးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။

နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာ့ဆန်ဖြူ တစ်တန်ကို ကုန်ကျစရိတ်၊ အာမခံနဲ့ ကုန်တင်ကုန်ချစရိတ်အပါအဝင် ၄၈၅ ဒေါ်လာနဲ့ ဝယ်ယူမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာန အတွင်းဝန် Mosammat Nazmanara Khanum ကပြောပါတယ်။

မိမိတို့ရဲ့ အဓိကဦးစားပေးကတော့ ဆန်ဈေးကျသွားဖို့ဖြစ်ပြီး အခုနှစ်ဇွန်လအထိ အစိုးရအနေနဲ့ ဆန်တန်ချိန် ၁၀ သန်းဝယ်ယူနိုင်ပြီး ကုန်သည်တွေကိုလည်း နောက်ထပ်ဆန်တန်ချိန် ၁၀ သန်းဝယ်ယူဖို့ ခွင့်ပြုပေးထားတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံက ဆန်ဝယ်ယူရေးနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအကြား များမကြာမီမှာ သဘောတူလက်မှတ်ရေးထိုးမှာဖြစ်ပြီး ဧပြီလကစတင်ကာ ဆန်တွေကို စတင်ဝယ်ယူသွားမှာဖြစ်တယ်လို့ Khanum ကပြောပါတယ်။

Ref : Reuters
Photo: Daily Star
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW