ကျွန်းလှမြို့နယ်ထဲမှာ ရှေးဟောင်းပစ္စည်းတွေ တူးဖော်နေလို့ တားမြစ်မိန့်ထုတ်ထားရ

ဇန်နဝါရီ ၂၅ -၂၀၂၁
ကိုတိုးကြီး(VOM)

‌စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ မော်ကယ်အုပ်စု၊ ညောင်ပင်ကျေးရွာအရှေ့ဘက် ၁ မိုင်ခန့်အကွာ ခါချဉ်ကုန်းမှာ ရှေးဟောင်းယဉ်ကျေမှုပစ္စည်းတွေကို ဒေသခံတချို့က စီးပွားဖြစ် တူးဖော်လုပ်ကိုင်နေတာကြောင့် မနေ့ ဇန်နဝါရီ ၂၄ ရက်က မြို့နယ်အာဏာပိုင်အဖွဲ့တွေ သွားရောက်ပြီး တူးဖော်တာတွေ ဆက်မလုပ်ကြဖို့ တားမြစ်အမိန့် ထုတ်ပြန်ခဲ့ရတယ်လို့ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

‌” နန်းသုံး စစ်လက်နက်၊လက်ရာတွေဖြစ်နိုင်တယ်လို့ ယူဆရတယ်၊ မျက်နှာဝ အကျယ် ၂ ပေ ၊ မြေအနက် ၃ ပေ၊ ကျင်း ၃၀ တူးဖော်ထားတာတွေ့ရတယ်၊ တူးဖော်တွေ့ရှိထားတဲ့ ပစ္စည်းတွေကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီက စနစ်တကျ ထိန်းသိမ်းထားတယ်”လို့ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက အတည်ပြုပြောပါတယ်။

‌အဲ့ဒီ ဒေသက တူးဖော်တွေ့ရှိထားတဲ့ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေဟာ အရှည် ၆ လက်မကနေ လက်မ ၂၀ အရွယ် သံလျက်ပုံ လှံသွား ဆိုဒ်စုံ ၈ ခု ၊ ရဲဒင်း ၂ ခု ၊ အရှည် လက်မ ၂၀ လက်ကိုင်ကွင်းပါ ဓား ၄ ချောင်း၊ အရှည် ၁၁ လက်မ ကပ်ကြေး ၁ လက် ၊ အရှည် ၁၂ လက်မ ကနေ ၁၅ လက်မအထိ ဆိုဒ်စုံ ဓားဦးချွန် ၄၆ ချောင်း ၊ လူအသုံးအဆောင် ပစ္စည်းမျိုးစုံ ၁၂ ခု ၊ ပုတီးစေ့ ဆိုဒ်စုံ ၄၃ စေ့တို့ပဲ ဖြစ်ပါတယ်။

‌အဲ့ဒီ ရှေးဟောင်းပစ္စည်းတွေကို တူးဖော်စုဆောင်းထားတဲ့ ဒေသခံ ကိုထွန်း(ခ)ကိုကျော်စိုးထွန်းဆိုသူက မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ထားမောင်ကို လွဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

‌အဲ့ဒီနောက်ပိုင်း ရှေးဟောင်းပစ္စည်း တူးဖော်တာတွေမလုပ်ဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့က တားမြစ်အမိန့်တွေ ထုတ်ပြန်ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

‌မုံရွာအခြေစိုက် သမိုင်းဗိသုကာပညာရှင် ဦးစိုး(သလ္လာမြေ)ကတော့ ” ပစ္စည်းတန်ဖိုးအရ ကြေးမပေါက်ပေမယ့် သမိုင်းတန်ဖိုးအရတော့ ဒီပစ္စည်းတွေဟာ အလွန်အရေးကြီးတယ် ၊ တွေ့ရတဲ့ ဒေသနဲ့ တွေ့ရှိပုံ တွေ့ရှိနည်းအရဆိုရင် ကုန်းဘောင်ခေတ် အာသံ စစ်ချီလမ်းကြောင်းပေါ်က ဖြစ်နိုင်ချေရှိတယ်လို့ ယူဆရတယ်”လို့ ပြောပါတယ်။

‌ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာလက မြောင်မြို့နယ်၊ ကျောင်းဖြူကျေးရွာ၊ ဧရာဝတီမြစ်ကမ်းဘေးမှာ ရှေးဟောင်းယဉ်ကျေးမှု ရွှေထည်ပစ္စည်းတွေ့လို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို တူးဖော်တွေ့ရှိတဲ့ ဒေသခံတွေက အပ်နှံပေးခဲ့တဲ့အတွက် အစိုးရက ဆုကြေးငွေတွေ ပြန်လည်ပေးခဲ့တာလည်း ရှိပါတယ်။

Photo – ကျွန်းလှ ထွေ/အုပ်
#voiceofmyanmar #VOM #ကျွန်းလှ #ရှေးဟောင်းပစ္စည်းတွှေ #တူးနေတာကို #တားမြစ်မိန့်ထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW