ထီလက်မှတ်တွေ အရောင်ပြောင်းသွားပေမယ့် ဆုငွေထုတ်ချိန် အခက်အခဲမရှိ

ဇန်နဝါရီ ၂၅ -၂၀၂၁
ယဉ်ပပထွန်း(VOM)

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် အောင်ဘာလေ ထီလက်မှတ်တွေဟာ အောက်ခံ အစိမ်းနုရောင်ကနေ အရောင်တချို့ ပြောင်းလဲနေတဲ့ ထီလက်မှတ်တွေရှိနေပြီး အဲ့ဒီ ထီလက်မှတ်တွေကနေ ထီပေါက်ခဲ့ရင် ဆုငွေထုတ်ရာမှာ အခက်အခဲမရှိဘူးလို့ အောင်ဘာလေသိန်းဆုဌာနခွဲ ကနေ သိရပါတယ်။

ထီလက်မှတ်ထဲက တချို့ထီလက်မှတ်တွေဟာ နေရောင်ခြည်ထိတွေ့သွားလို့ ဆေးရောင်လွင့်ပြယ်မှုတွေဖြစ်ပေါ်နေပေမယ့် ထီလက်မှတ်တွေမှာထည့်ထားတဲ့ လုံခြုံမှု အဆင့်အတန်းတွေကို ပြည်သူတွေဝယ်ယူတဲ့အခါမှာ ယုံကြည်မှုနဲ့ ဝယ်ယူကံစမ်းနိုင်ပြီး အဲ့ဒီထီလက်မှတ်တွေကနေ ထီပေါက်ခဲ့ပါက ဆုငွေထုတ်ယူရာမှာ အခက်အခဲမရှိ စီစစ်ဆောင်ရွက်ပေးမယ်လို့ မနေ့ ဇန်နဝါရီ ၂၄ရက်နေ့က ကြေးမုံသတင်းစာမှာ တရားဝင်ကြေညာထားတာဖြစ်ပါတယ်။

“ လက်မှတ်တွေနဲ့ ပတ်သက်ပြီးတော့မှ ပြည်သူတွေအနေနဲ့ စိုးရိမ်စရာ မလိုပါဘူး။ ထီဆုငွေထုတ်တဲ့အခါမှာလည်း ဘာအခက်အခဲမှ မရှိစေရပါဘူး။ ထီလက်မှတ် အစစ်၊အမှန်ဖြစ်ဖို့တော့ လိုတာပေါ့။ ထီအက္ခရာတွေကို ဘာမှ မသမာမှုနဲ့ မပြုပြင်ထားဘူးဆိုရင် ဘာတစ်ခုမှ အခက်အခဲမရှိပါဘူး“လို့ အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က VOMကိုပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ နဲ့ မတ်လတွေမှာ စတင်ရောင်းချမယ့် ၂၄ ၊ ၂၅ ၊ ၂၆ ကြိမ်မြောက် အောင်ဘာလေထီစာအုပ်တွေ အရောင်းပြောင်းလဲရခြင်းဟာ လုံခြုံမှုအရည်အသွေး ပိုမိုကောင်းမွန်ဖို့ရည်ရွယ်ပြီး လုံခြုံရေးနဲ့ဆိုင်တဲ့ ပုံနှိပ်ညွှန်ကြားရေးမှူးရုံး(ဝါဇီ)က ထီလက်မှတ်တွေရဲ့ အောက်ခံအရောင်ကို အစိမ်းနုရောင်နဲ့ ရိုက်နှိပ်ဆောင်ရွက်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်တွင်းအခွန်းများဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲကနေ ၁၀၀၀ ကျပ်တန် အောင်ဘာလေ ထီလက်မှတ်တွေကို ၂၀၁၉ ခုှနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ရောင်းချလာခဲ့ရာ လက်ရှိအချိန်ထိ ၂၄ ကြိမ်မြောက်ထုတ်ဝေရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ထီလက်မှတ် #အရောင်ပြောင်း #ငွေထုတ်ချိန်အခက်အခဲမရှိ

Related posts

Leave a Comment

VOM News

FREE
VIEW