မုံရွာမှာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးတာကို မီဒီယာတွေ သတင်းရယူခွင့်မရ

ဇန်နဝါရီ ၂၇ -၂၀၂၁
ကိုတိုးကြီး(VOM)

မုံရွာမှာ ကျန်းမာရေးဝန်ထမ်းတွေကို ဒီကနေ့ ဇန်နဝါရီ ၂၇ရက်မှာ ကာကွယ်ဆေးစတင်ထိုးပေးတဲ့နေရာကို သတင်းထောက်တွေ သတင်းရယူခွင့်မရဘူးလို့ ဒေသခံသတင်းထောက်တွေကနေ သိရပါတယ်။

သတင်းထောက်တွေဟာ တိုင်းကျန်းမာရေးဌာနမှာ ကိုဗစ်ကာကွယ်ဆေးထိုးနေတာနဲ့ ပတ်သက်လို့ သတင်းသွားယူတာကို စစ်ကိုင်းတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က “မီဒီယာသမားတွေ ဖိတ်ကြားမထားဘူး၊ သတင်းဖော်ပြရင်လည်း ကန့်ကွက်သွားမယ်”လို့ အဲ့ဒီနေရာကို သတင်းသွားရောက်ယူတဲ့ သတင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်း မုံရွာ ပြည်သူ့ဆေးရုံကြီးနဲ့ တိုင်းကျန်းမာရေးဌာန နေရာ ၂ ခုမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာဖြစ်ပြီး အဲ့ဒီနေရာ ၂ ခုစလုံးမှာ သတင်းရယူခွင့် တားမြစ်ခံရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကတော့ ” သတင်းယူခွင့်နဲ့ပတ်သက်လို့ သီးခြား ညွှန်ကြားထားတာတော့ မရှိဘူး”လို့ ပြောပါတယ်။

မုံရွာအခြေစိုက် သတင်းမီဒီယာတွေဖြစ်တဲ့ မုံရွာဂေဇက် ၊ မျက်မှောက်ခေတ် စတဲ့ သတင်းဌာနက သတင်းထောက်တွေလည်း သတင်းရယူခွင့် သတင်းရုပ်သံရိုက်ကူးခွင့်နဲ့ ဓာတ်ပုံမှတ်တမ်း ရယူခွင့်တွေ မရဘူးလို့ သိရပါတယ်။

မြန်မာ့အလင်း ကြေမုံသတင်းစာက သတင်းထောက် ကိုမျိုးဝင်းထွန်း က ” ဆေးရုံကြီးကို သတင်းသွားယူတော့လည်း ပြည်ထောင်စုက ညွှန်ကြားထားလို့ သတင်းယူခွင့်မရခဲ့ဘူး၊ ဒါနဲ့ တိုင်းကျန်းမာကို သွားတော့လည်း အပေါက်ကြီးပိတ်ထားပြီး သတင်းယူခွင့် မရဘူး”လို့ ပြောပါတယ်။

အဲ့ဒီ ကာကွယ်ဆေးတွေဟာ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက မြန်မာ့ အမျိုးသား လေကြောင်းလိုင်း လေယာဉ်နဲ့ မုံရွာမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ပုလင်း ၈၃၅ ပုလင်းပါ သေတ္တာ ၁ လုံးကို ရန်ကုန်မြို့ကနေ ပေးပို့လိုက်တာဖြစ်တယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးနှံတာကို သတင်းရယူခွင့် တားမြစ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကိုင်းဒေသကြီး သတင်းသမားများကွန်ရက်(SRJN) အဖွဲ့က ကြေငြာချက်တစ်ရပ်ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ကိုဗစ်ဆေးထိုး #သတင်းရယူခွင့်မရ

Related posts

Leave a Comment

VOM News

FREE
VIEW