စစ်ကိုင်းမြို့မှာ ဖခင်ဖြစ်သူက သမီးအရင်းကို အဓမ္မပြုကျင့်မှုဖြစ်ပွား

ဇန်နဝါရီ ၂၈ -၂၀၂၁
မောင်တာရာ (VOM)
စစ်ကိုင်းမြို့နယ်၊ နောက်ကြည့်ကျွန်ကျေးရွာအုပ်စု၊ ရိပ်သာကျွန်းရွာမှာ မနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ညဦးပိုင်းအချိန်ခန့်က ဖခင်ဖြစ်သူက အသက် ၁၃နှစ်အရွယ်သမီးအရင်းကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းနယ်မြေရဲစခန်းကနေ သိရပါတယ်။
” ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ စိုးလှိုင်(၃၁)နှစ်ကို စစ်ကိုင်းနယ်မြေရဲစခန်းက (ပ) ၃ /၂၀၂၁၊ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်”လို့ နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်သန်းကပြောပါတယ်။
စစ်ကိုင်းမြို့နယ်၊ ရိပ်သာကျွန်းရွာကအသက်၁၃နှစ်အရွယ် သမီးဖြစ်သူဟာ မိခင်နဲ့အတူ စစ်ကိုင်းမြို့ ခုတင်၂၀၀ ဆံ့ပြည်သူ့ဆေးရုံကို ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက် နေ့လယ်၁၂ နာရီကျော်အချိန်ခန့်က ရောက်ရှိလာပြီး ဖခင်ဖြစ်သူက အဓမ္မပြုကျင့်ကြောင်း ပြောပြကာ လာရောက်ပြသခဲ့ပါတယ်။
အဲ့ဒီသတင်းအရ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မြို့နယ်ရဲမှူးနဲ့ နယ်မြေရဲစခန်းမှူးတို့သွားရောက်ပြီး မိခင်ဖြစ်သူ နဲ့ အဓမ္မပြုကျင့်ခံရသူကို သွားရောက်မေးမြန်ခဲ့ပါတယ်။
အဲ့ဒီလို မေးမြန်းရာမှာ သူတို့မိသားစုဟာ တံငါး လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူတွေ ဖြစ်ပြီး မနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ညဦးပိုင်းအချိန်က ငါးဖမ်းလှေပေါ်မှာ ဖခင်ဖြစ်သူ နဲ့ သမီးဖြစ်သူတို့ တံငါလုပ်ငန်းဆောင်ရွက်နေချိန် ဖခင်ဖြစ်သူက သမီးဖြစ်သူကို အဓမ္မပြကျင့်ခဲ့ပြီး ည ၉ နာရီအချိန်ခန့်မှာတော့ ကမ်းနားရှိ ယာယီတဲကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ မှုခင်းမှတ်တမ်းတွေ အရ သိရပါတယ်။
ဖခင်ဖြစ်သူ စိုးလှိုင် အသက် ၃၁နှစ်ဟာ သမီးအရင်းဖြစ်သူကို လွန်ခဲ့တဲ့ တစ်လခန့်ကလည်း (၂ ) ကြိမ် (၃)ကြိမ်ခန့် အဓမ္မပြုကျင့်တာရှိခဲ့ကြောင်း မိခင်ဖြစ်သူက ရဲမှတ်တမ်းမှာ ထွက်ဆိုထားတယ်လို့ သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW