ဘယ်လိုလူတွေ ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးလို့မရတာလဲ

ဇန်နဝါရီ ၂၉ -၂၀၂၁
ရန်အောင်ထွန်း(VOM)

Covid-19 ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဖျားနာနေသူတွေနဲ့ ၁၄ ရက်အတွင်း အခြားကာကွယ်ဆေး ထိုးထားသူတွေအနေနဲ့ ထိုးလို့ရမှာ မဟုတ်ဘူးလို့ မြစ်ကြီးနားဆေးရုံကနေ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းက မြစ်ကြီးနားဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်း ၅၈၂ ဦးကို Covid-19 ကာကွယ်ဆေး ထိုးပေးတဲ့အခါ သွေးတိုးနေလို့ ခဏနားရတာမျိုး ကြုံရပေမယ့် သွေးပေါင်ကျသွားအောင် ပြန်စောင့်ထိုးပေးခဲ့ရတယ်လို့ မြစ်ကြီးနားဆေးရုံအုပ်ကြီး ဒေါက်တာတင်လှက ပြောပါတယ်။

Covid-19 ကာကွယ်ဆေး ထိုးလို့မရနိုင်တဲ့သူတွေအကြောင်း မေးကြည့်တော့လည်း ကိုယ်ဝန်ဆောင်မိခင်၊ ဖျားနေသူနဲ့ အခြား ကာကွယ်ဆေးကို ၂ ပတ်အတွင်း ထိုးထားသူတွေ ထိုးလို့ရမှာမဟုတ်ဘူးလို့ ဒေါက်တာတင်လှက ပြောပါတယ်။

မြစ်ကြီးနားဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေကိုထိုးပေးတဲ့ ကာကွယ်ဆေးအရေအတွက်ကတော့ ၁၀ ဦးစာပါ ဆေးအလုံးပေါင်း ၅၈ လုံးကျော် အသုံးပြုခဲ့ပါတယ်။

မနေ့ ဇန်နဝါရီ၂၈ ရက်နေ့မှာတော့ ကာကွယ်ဆေးထိုးထားသူတွေကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဒုတိယအကြိမ်ထိုးပေးမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို Covid-19 ကာကွယ်ဆေး ၂ ကြိမ်ထိုးပေးမှာဖြစ်ပြီး ဆေးထိုးထားသူတွေအနေနဲ့ ဆေးထိုးပြီးခံစားရတဲ့ အခြေအနေကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းက ကျန်မာရေးဝန်ထမ်း ၁၂၀၀ ကို ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ထိုးပေးမှာဖြစ်ပြီး ကာကွယ်ဆေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဝန်ထမ်းအားလုံးကို ထိုးပေးသွားမှာဖြစ်ပါတယ်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၊ ကုသရေးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးနဲ့ ကျန်မားရေးနဲ့ပတ်သက်တဲ့ သင်တန်းကျောင်းတွေကအစ ထိုးပေးသွားမှာဖြစ်ပါတယ်။

ဆေးထိုးပေးတဲ့ စာရင်းအတိအကျကိုတော့ ဇန်နဝါရီ၂၉ ရက်နေ့ နောက်ဆုံးထိုးပြီးမှ အတိအကျ ထုတ်ပြန်သွားမှာလု့ိလည်း သိရပါတယ်။

ကချင်ပြည်နယ်တစ်ခုလုံးအတွက် ဆေးအလုံးပေါင်း ၄၃၆ လုံး ရရှိထားတာဖြစ်ပြီး ရန်ကုန်လေဆိပ်ကနေ မြစ်ကြီးနားလေဆိပ်ကို ပို့ပေးနေဆဲ ဖြစ်တဲ့အပြင် ပို့ပေးနေတဲ့ ဆေးတွေကို အအေးချောင်းစနစ် မပျက်စီးစေဘဲ လုံခြုံအောင်ကာကွယ်ပြီးမှ မြို့နယ်အသီးသီးကို ပို့ပေးနေတာလည်းဖြစ်ပါတယ်။

ဝေးလံတဲ့ ပူတာအိုခရိုင်ဘက်က ကျန်းမာရေးဝန်းထမ်းတွေအတွက် ကာကွယ်ဆေးကို ဝန်ကြီးချုပ်ခရီးစဉ်နဲ့ ဆေးတွေထည့်ပေးလိုက်တာဖြစ်ပြီး ခရိုင်ဆရာဝန်ရဲ့ ထိန်းချုပ်မှုအောက်ကနေ ထိုးပေးသွားမှာဖြစ်ပါတယ်။

ပြည်သူတွေကို Covid-19 ကာကွယ်ဆေး ထိုးပေးဖို့ အသေအချာ မပြောနိုင်သေးပေမယ့် အသက် ၁၈ နှစ်အထက် အားလုံးကို ထိုးပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား #ကိုဗစ်ကာကွယ်ဆေး #ဘယ်သူတွေထိုးသင့်သလဲ

Related posts

Leave a Comment

VOM News

FREE
VIEW