နိုင်ငံတော်သမ္မတနဲ့ UEC ဥက္ကဋ္ဌ စာချွန်တော်အမှု ဒီနေ့ စီရင်ချက်မချ

ဇန်နဝါရီ ၂၉ -၂၀၂၁
Voice of Myanmar

နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဒီနေ့ ဇန်နဝါရီလ ၂၉ရက်နေ့အတွက် ရာဇဝတ်ဆိုင်ရာအမှုတွေ၊ တရားမဆိုင်ရာအမှုတွေနဲ့ စာချွန်တော်ဆိုင်ရာအမှုတွေ စီရင်ချမှတ်တာ မရှိဘူးလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးရဲ့ ဝဘ်ဆိုက်စာမျက်နှာမှာ ကြေညာထားပါတယ်။

နိုင်ငံတော်သမ္မတအပါအဝင် ၄ဦးနဲ့ UEC ဥက္ကဋ္ဌအပါအဝင် ၁၅ဦးတို့ကို Video conferencing နဲ့ အမှုကြားနာဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အခုလအစောပိုင်းက ကြိုတင်သတိပေး အမှုခေါ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့် အပါအဝင် ၄ဦးကို မန္တလေးက အမျိုးသားရေးရှေ့နေ ဦးဇော်ဝိတ်က စာချွန်တော်လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် ၁၅ဦးကိုတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့က စာချွန်တော်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

သမ္မတနဲ့ UEC ဥက္ကဋ္ဌတို့ကို အမှုကြားနာမယ့် ဒီနေ့မှာပဲ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေက နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအနီးမှာ လှည့်လည်အင်အားပြနေကြတဲ့အတွက် ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကြပ်ထားတယ်လို့လည်း သိရပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၉ရက်နေ့မှာတော့ စီရင်ချက်မချဘူးလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ကြေညာခဲ့ပေမယ့် အမှုကို ဘယ်နေ့မှာ ဆက်လက်စစ်ဆေးမယ်လို့တော့ ကြေညာထားတာကို မတွေ့ရသေးပါဘူး။

#voiceofmyanmar #VOM #စာချွန်တော်စီရင်ချက်မချ

Related posts

✕
VOM News

FREE
VIEW