နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဆန္ဒပြခွင့်မရ

ဇန်နဝါရီ ၂၉ -၂၀၂၁
ကိုထွန်း(VOM)

နေပြည်တော်မှာတော့ အင်အားပြလှည့်လည်နေတဲ့ ပြည်ခိုင်ဖြိုးပါတီကိုဝန်းရံသူတွေဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို သွားရောက်ဆန္ဒပြကန့်ကွက်တာမဟုတ်ဘဲ UECဥက္ကဋ္ဌအိမ်ရှေ့ကို အဓိကသွားရောက်ကန့်ကွက်ဆန္ဒပြလိုတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို UEC အိမ်ရှေ့သွားတဲ့လမ်းကို ဝင်ခွင့်မရတဲ့အတွက် ၄၉အဝိုင်းကို ဆယ်ပတ်ခန့်ပတ်ပြီး မြို့မဈေး၊ သပြေကုန်းဈေးတွေကိုပဲ လှည့်လည်ခဲ့ကြရတယ်လို့ လှည့်လည်ရာမှာ ဝန်းရံသူလို့မိတ်ဆက်သူ မချိုကပြောပါတယ်။

နေပြည်တော်ကို သွားတဲ့ကားတွေ ပိတ်လိုက်ပါပြီ။ ရန်ကုန်အောက်က တက်တဲ့ကားတွေ ၁၁၅ မိုင်က လှည့်ပြန်ရပါတယ်။ အထက်မန္တလေးကလာတဲ့ကားတွေ တောင်ညို ၂၂၀မိုင်ကို ကျော်လို့ မရတော့ပါဘူး
ပြန်ပြီး လှည့်ရပါတယ်လို့ ခရီးသွားအချို့ကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းကစပြီး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကိုသွားတဲ့ ရာဇဌာနီ (၂)လမ်း၊ ရုံးအမှတ် (၂၃)အဝိုင်းက စတင်ပြီး နေရာ ၃ ခုကို လုံခြုံရေးတင်းကျပ်ထားတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲမသမာမှုဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့အပေါ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ စာချွန်လွှာလျှောက်ထားတာနဲ့အမှု လက်ခံသင့်မသင့် ဒီကနေ့မှာ ကြားနာမှာဖြစ်တဲ့အတွက် အခုလို လုံခြုံရေးတွေ တိုးမြင့်ချပေးထားတာ ဖြစ်ပါတယ်။

လွှတ်တော်ပတ်လည် လမ်းတွေမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အထူးစောင့်နေတာတွေ့ရသလို နေပြည်တော်အဝင်ဂိတ်တွေမှာလည်း သေချာစစ်ဆေးနေပါတယ်။

#voiceofmyanmar #VOM #တရားလွှတ်တော်ချုပ်ရုံး #နေပြည်တော် #ပြည်ခိုင်ဖြိုးဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW