ပုသိမ်မှာ တပ်မတော်ထောက်ခံပွဲ ဦးဆောင်ပြုလုပ်ခဲ့သူ ၄ဦးကို အရေးယူ

ဇန်နဝါရီ ၂၉ -၂၀၂၁
ကိုအောင်(VOM)

ပုသိမ်မြို့မှာ တပ်မတော်ထောက်ခံပွဲဦးဆောင်ပြုလုပ်ခဲ့သူ ၄ဦးကို မနေ့ ဇန်နဝါရီ ၂၈ရက်နေ့ ညနေပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ -၂၅နဲ့ အရေးယူထားတယ်လို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

“ခွင့်ပြုမိန့်တင်ထားပေမယ့် လူစုလူဝေးပုံစံမျိုးဖြစ်သွားတယ်၊ ဒါဟာ ဥပဒေနဲ့ မညီဘူး။ သဘာဝဘေးအန္တရာယ်ကျရောက်မယ့်အခြေအနေ ဖြစ်နိုင်တာကို သိလျက်နဲ့ကျူးလွန်တယ်။ အဲ့ဒီအတွက် အရေးယူတာပါ”လို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ၂၅ရက်နေ့ မနက်ပိုင်းက ဟစ်တိုင်ကွင်းမှာ တပ်မတော်ထောက်ခံပွဲနဲ့ ပြည့်သူဆန္ဒဖော်ထုတ်ပွဲကို လူ ၃၀၀နီးပါးစုဝေးခဲ့ပြီး အဲ့ဒီပွဲမှာ ပုသိမ်မြို့နဲ့ ကျောင်းကုန်း၊ ကန်ကြီးထောင့်စတဲ့မြို့နယ်တွေကအပြင် ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်း ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိ ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေပြီး ပုသိမ်မြို့က ၃ဦးနဲ့ ချောင်းသာမြို့ကတစ်ဦးကို ဖမ်းဆီးထားတယ်လို့ တာဝန်ရှိရဲအရာရှိတစ်ဦးကပြောပါတယ်။

တပ်ထောက်ခံပွဲဟာ လူ၂၈ဦးနဲ့ခွင့်ပြုမိန့်တင်ခဲ့ပေမယ့် Stay At Home သတ်မှတ်ထားတဲ့ပုသိမ်မှာ အခုလို လူစုလူဝေးပြုလုပ်တာကြောင့် ကိုဗစ်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်နဲ့ အရေးယူရတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #တပ်ထောက်ခံပွဲပြုလုပ်သူ #အရေးယူထား

Related posts

Leave a Comment

VOM News

FREE
VIEW