အောင်ဘာလေထီ ဈေးပိုရောင်းသူတွေကို ပါမစ်နဲ့ အာမခံငွေ သိမ်းဆည်းမယ်

ဇန်နဝါရီ ၂၉ -၂၀၂၁
သိင်္ဂီထွန်း(VOM)

အောင်ဘာလေ ထီလက်မှတ်တွေကို အစိုးရသတ်မှတ်တဲ့ဈေးထက် ပိုပြီးရောင်းချနေတဲ့ ထီလုပ်ငန်းရှင်တွေကို ထီဝယ်ခွင့်ပါမစ်ပြန်လည်သိမ်းဆည်းခြင်း၊ အာမခံပေးသွင်းထားတဲ့ငွေကို ဘဏ္ဍာငွေအဖြစ်သိမ်းဆည်းပြီး အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်)ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာဆိုရင် ထီလက်မှတ်တွေကို စျေးတက်ရောင်းချခဲ့တဲ့ ထီလုပ်ငန်းရှင်တွေကို အရေးယူမှုအဖြစ် လုပ်ငန်းရှင် ၄၀၀၀ ကျော်နဲ့ သူတို့ Deposit တင်ထားတဲ့အာမခံငွေကျပ် သိန်းပေါင်း ၆၀၀၀ ကျော်ကို ဘဏ္ဍာငွေအဖြစ်သိမ်းခဲ့ပြီး ထီစာအုပ်ဝယ်ခွင့်ပါမစ် ၂၆၉၀၀၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

“ထီဈေးတက်လို့ တိုင်ကြားတာတွေရှိတယ်။ ကျနော်တို့က စာချုပ်ပါစည်းကမ်းအတိုင်းအရေးယူပါတယ်။ သဘောတူစာချုပ်မှာ နိုင်ငံတော်သတ်မှတ်တဲ့ဈေးထက်ပိုရောင်းတာဖြစ်တဲ့အတွက် သူရဲ့အာမခံသွင်းထားတဲ့ deposit ငွေတွေကိုပြန်လည်သိမ်းဆည်းတယ်၊ သူတို့ရဲ့ထီဝယ်ယူခွင့်စာအုပ်ကိုပြန်သိမ်းတယ်။ ကျနော်တို့က တိုင်ကြားမှ အရေးယူတာမဟုတ်ဘူး၊ သတင်းကြားတာနဲ့အရေးယူတာပါ”လို့အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်) ညွှန်ကြားရေးမှူး ဦးညီညီလှိုင်ကပြောပါတယ်။

ထီလက်မှတ်တွေကို ဈေးတက်ပြီးရောင်းချမှုရှိ၊မရှိကို အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေအနေနဲ့ လစဉ်စစ်ဆေးမှုတွေပြုလုပ်မှုရှိနေတာကြောင့် လစဉ်အရေးယူမှုတွေရှိကြောင်း၊ ပြည်သူတွေအနေနဲ့လည်း ထီလက်မှတ်ဈေးနူန်းမြင့်မားမှုနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ၁၀၀၀ တန်အောင်ဘာလေထီလက်မှတ်တွေကို ထီရောင်းချသူတွေက လက်မှတ်တစ်စောင်ကို ၁၁၀၀ ကျပ်၊ ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်အထိ ရောင်းချနေတာတွေ ရှိပါတယ်။

၂၄ ကြိမ်မြောက် ၁၀၀၀ တန် အောင်ဘာလေထီဆုဖွင့်ပွဲကို လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီး အဲ့ဒီထီဖွင့်ပွဲမှာ ပုံမှန်ချီးမြင့်နေတဲ့ ထီဆုတွေအပြင် ဘဏ္ဍာငွေအဖြစ်သိမ်းထားတဲ့ ငွေတွေထဲကမှ ငွေကျပ် သန်း ၂၅၀ကို ဆုပေါင်း ၂၂၂၄ ဆုအဖြစ်ခွဲဝေပြီး ထပ်တိုး ချီးမြှင့်သွားမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန ၊အောင်ဘာလေသိန်းဆုဌာနကနေ သိရပါတယ်။

၂၄ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီအုပ်ရေ (၃၄၃၆၃၅၆) အုပ်၊ ရောင်းချခဲ့ရတဲ့ ထီလက်မှတ် စောင်ရေ (၃၇၇၉၉၉၁၆) စောင် နဲ့ ထီလက်မှတ် ရောင်းချရတဲ့ ငွေပမာဏအနေနဲ့က ကျပ်သန်း (၃၄၃၆၃.၅၆၀)ရှိခဲ့ပြီး အဲဒီထဲကမှ ထီဆုငွေကို ၆၀% အဖြစ် ကျပ်သန်း(၂၀၆၁၈.၁၃၆)ကို ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ထီလက်မှတ်ဈေးပိုရောင်းသူ #ပါမစ်နဲ့အာမခံ #သိမ်းဆည်းမယ်

Related posts

Leave a Comment

VOM News

FREE
VIEW