ပြည်ထောင်စုလွှတ်တော်တက်ရမယ့် ကိုယ်စားလှယ်တွေကို ဒုတိယအကြိမ်စစ်တာမှာ ၄ ယောက် ပိုးတွေ့

နေပြည်တော်၊ ဇန်နဝါရီ ၃၀ -၂၀၂၁
ကိုထွန်း+နေလင်း(VOM)

ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်ကိုတက်ရောက်ဖို့ နေပြည်တော်ကို ရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ပါလာတဲ့ မိသားစုတွေကို မနေ့ ဇန်နဝါရီ ၂၉ရက်နေ့က ကိုဗစ်ပိုးရှိမရှိ ဒုတိယအကြိမ်ထပ်မံ စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီလိုစစ်ဆေးတာမှာ ရန်ကုန်တိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ယောက်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ယောက်မှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။

နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးကိုမေးကြည့်တော့ “ ကိုဗစ်ပိုးတွေ့တာဟုတ်ပါတယ်။ ခုတင် ၁၀၀၀ မှာ စောင့်ကြပ်ကုသပေးနေပါတယ်။ အရေအတွက်နဲ့ လူနာမည်စာရင်းတော့ ကျနော်ပြောခွင့်မရှိပါဘူး လွှတ်တော်ရုံးက ထုတ်ပြန်ပေးပါလိမ့်မယ်” လို့ ဆိုပါတယ်။

VOM ကနေ စုံစမ်းသိရှိရတာကတော့ NLD ရဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်က NLDပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင် နဲ့ လှိုင်သာယာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် ၊ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်အမှတ်(၄) ရဲ့ကိုယ်စားလှယ် ဦးအေးဗိုလ်၊ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော် အမှတ် (၈) ရဲ့ ကိုယ်စားလှယ် ဦးကျော်ဇင်ဝင်း တို့ဖြစ်တယ်လို့ သိရပါတယ်။

ခုတင် ၁၀၀၀ ဆေးရုံကိုရောက်နေတဲ့ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်အမှတ်(၄) ရဲ့ကိုယ်စားလှယ် ဦးအေးဗိုလ်ကိုမေးကြည့်တော့ “ဟုတ်တယ်ဗျ ကျနော်တို့ ဒုတိယအကြိမ်မှတွေ့လို့ ခုတင် ၁၀၀၀ မှာ ကျနော်တို့ ၄ယောက်ရောက်နေပါတယ်။ ကျနော်တို့က ကွင်းဆင်းတာတွေ ထောက်ပံ့တာတွေလုပ်တော့ တရက်လောက်ဖျားဘူးတာကလွဲလို့ ဘာမှမဖြစ်ခဲ့ဘူး။ အခုလည်း ဘာမှမဖြစ်ဘူး အဆင်ပြေပါတယ်၊ ဘာလက္ခဏာမှမပြဘူး၊ လွှတ်တော်တက်ဖို့ကတော့ ဆေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်းပါဘဲ”လို့ပြောပါတယ်။

ပုဇွန်တောင်မြို့နယ်က ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကလည်း “ကျနော်တော့ လွန်ခဲ့တဲ့ ၂လလောက်က ချောင်းလေးနည်းနည်းဆိုးဘူးတာ ကွမ်းရွှက်ပုံ ၂ထုပ်သောက်ပြီးပျောက်သွားတာ ဘာမှလည်းမဖြစ်ခဲ့ဘူး၊ ပထမတစ်ခါစစ်တော့ မတွေ့၊ မနေ့ကစစ်မှ ပိုးတွေ့တော့ အံ့ဩနေတာ၊ အခုတော့ ခုတင်တစ်ထောင်မှာ ဆီးချို၊သွေးတိုးကအစ အကုန်စစ်ပေးနေပါတယ်။ လွှတ်တော်တက်ဖို့ကတော့ ဆေးဘုတ်က ဆုံးဖြတ်တဲ့ အတိုင်းပါပဲ”လို့ ပြောပါတယ်။

အခု နေပြည်တော် ခုတင် ၁၀၀၀မှာ စောင့်ရှောက်မှုခံယူနေသူအားလုံး လူကောင်းပကတိလို ကျန်းမာကြပြီး လွှတ်တော်တက်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဇန်နဝါရီ ၂၂ ရက်ကလည်း မင်္ဂလာတောင်ညွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ NLD ပါတီရဲ့တောင်သာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးကြွယ်ကြွယ်၊ အုတ်တွင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ ကမာရွတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းရဲ့ဇနီးဒေါ်စိုးစိုးသန်း၊ ANP ပါတီရဲ့ ရမ်းဗြဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေနဲ့ သူ့ဇနီး ဒေါ်အောင်သန်းစိန် တို့ကတော့ ဆေးရုံရောက်ပြီး ပြန်လည်စစ်ဆေးချိန်မှာ ပိုးကင်းစင်သွားလို့ ဆေးရုံကနေ ဆင်းသွားပြီးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်လွှတ်တော်ကိုယ်စားလှယ် #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW