ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ အခြားဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌတွေ ဆက်လက်ထိန်းသိမ်းခံထားရ

ဖေဖော်ဝါရီ ၂ -၂၀၂၁
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ပြည်နယ်ဝန်ကြီးတွေနဲ့ လွှတ်တော် ဒု-ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌတို့ကို ဒီကနေ့မနက်ပိုင်းအချိန်ထိ တပ်မတော်က ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဂွမြို့က တပ်မတော် (၅၆၂)တပ်ရင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့အတူ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်တို့ကို ထိန်းသိမ်းထားတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြောပါတယ်။

“ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အခုထိ ဆက်သွယ်လို့မရသေးဘူး။ မိသားစုတွေကလည်း အိမ်ကိုမရောက်သေးဘူးလို့ ပြောတယ်။ ဝန်ကြီးချုပ်နဲ့အတူတူ စစ်တပ်ထဲမှာ ခေါ်ထားခံရတဲ့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူးကတော့ စစ်တပ်ထဲက အပြင်ကို ပြန်လွှတ်လိုက်ပြီကြားတယ်။ တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း ရုံးထဲက အပြင်မထွက်ရဘူး။ ထိန်းသိမ်းထားတာ” လို့ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်ကပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကိုတော့ စစ်တွေတပ်နယ်အတွင်း ထိမ်းသိမ်းထားကြောင်း မနေ့က ANP ပါတီရုံးကနေ တဆင့်သိရပါတယ်။

ဝန်ကြီးတွေဖြစ်ကြတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း၊ စိုက်ပျိုးမွေးမြူရေးဝန်ကြီး ကျော်လွင်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေနဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးမြသန်းတို့ကိုတော့ စစ်တွေက အစိုးရအိမ်ရာဝင်းထဲမှာ တပ်မတော်ကထိန်းသိမ်းထားပြီး အပြင်ထွက်ခွင့် မရှိဘူးလို့ သိရပါတယ်။

လက်ရှိ စစ်တွေမှာထိန်းသိမ်းခံထားရတဲ့ ပြည်နယ်ဝန်ကြီးတွေနဲ့ လွှတ်တော်ဒု-ဥက္ကဋ္ဌ တို့ဟာ အပြင်မထွက်ရတဲ့ တပ်မတော်သားတွေ စားစရာမရှိတာကြောင့် ဆန်တစ်အိတ်ပေးလာတာကိုလည်း သိရတယ်လို့ ဦးမင်းအောင်က ပြောပါတယ်။

ဆက်လက်ပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြင့်မောင် ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့လည်း နေအိမ်ပြန်ရောက်နေပြီး နေအိမ်အကျယ်ချုပ်ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #ဝန်ကြီးချုပ်ဦးညီပု #အခြားဝန်ကြီးများ #ဆက်လက်ထိန်းသိမ်းထား

Related posts

Leave a Comment

VOM News

FREE
VIEW