“CDM ကိုအောင်မြင်အောင် နောက်ကွယ်ကနေ ထောက်ပံ့ပေးသွားပါမယ်”

ဖေဖော်ဝါရီ ၁၉-၂၀၂၁
အေးချမ်းသူ(VOM)

CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ အခက်အခဲက ဘာတွေလဲ။ CDMကြောင့် လစာမရရင်၊ ဝန်ထမ်းလိုင်းခန်းကနေ ပြောင်းရွှေ့ခိုင်းရင်ဆိုတဲ့ စိုးရိမ်ပူပန်စိတ်တွေ ဖြစ်နေတာတွေစတဲ့ အခက်အခဲတွေကို ဘယ်လိုကူညီပေးသွားမလဲဆိုတာ CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေကို အဓိကထောက်ပံ့ပေးမယ့် ပီတိအဖွဲ့က တာဝန်ရှိသူတစ်ဦးကို VOM က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

VOM- ညီမတို့အဖွဲ့အနေနဲ့ CDMမှာပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေ အခုလိုထောက်ပံ့မယ်ဆိုတဲ့ အိုင်ဒီယာကို ဘယ်လိုရခဲ့တာလဲ။
ပီတိ- ညီမတို့အဖွဲ့က လူငယ်တွေပဲဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်း CDMရယ်လို့ဖြစ်လာတဲ့အခါမှာ ညီမတို့လည်း စဉ်းစားလိုက်တယ်၊ CDMလုပ်တာတော့ဟုတ်တယ်၊ ဒါတွေဟာ ရေရှည်ဖြစ်လာခဲ့ရင် ပညာရေးဝန်ထမ်းတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံရမလဲပေါ့။ ပြီးတော့ညီမတို့အကုန်လုံးက ကျောင်းအသိုင်းအဝိုင်းထဲကသူတွေ အများကြီးပါတယ်။ ဒါကြောင့်မို့ ကိုယ်ဆရာမတွေကို ကိုယ်ထောက်ပံ့ပေးချင်တယ်ပေါ့ အဲ့ဒါကနေစတာပါ။ ညီမတို့အဲ့ကနေစပြီး ကျောင်းတွေလိုက်ဆက်သွယ်မယ်။ ကျောင်းမှာရှိတဲ့ CDMလုပ်နေတဲ့ ဆရာမစာရင်းတွေယူမယ်၊ ထောက်ပံ့ပေးမယ်ပေါ့နော်။ မလိုအပ်တဲ့သူလည်းရှိတယ် လိုအပ်တဲ့သူလည်းရှိတဲ့အခါကျတော့ ညီမတို့က အဖွဲ့ကို လာပြီးဆက်သွယ်တဲ့ ပညာရေးဝန်ထမ်းတွေကိုပဲ ကူညီပေးတော့မယ်ဆိုပြီးပုံစံပြောင်းလိုက်တာပါ။

VOM- လက်ရှိအခြေအနေမှာ CDMလုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ဘယ်လိုထောက်ပံ့မှုမျိုးပေးလဲ။
ပီတိ- ညီမတို့ ပီတိအဖွဲ့က CDM Movementမှာ ပါဝင်နေတဲ့ပညာရေးဝန်ထမ်းကို အဓိကထားပြီးထောက်ပံ့သွားမှာပါ။ ပညာရေးဝန်ထမ်းကတော့ အမြဲတမ်းပေါ့နော်။ ဘယ်လိုထောက်ပံ့သွားမလဲ ဆိုတော့ နှစ်မျိုးသွားမယ်၊ အစားအသောက်အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးတာမျိုးရှိတယ် ၊ နေစရာလိုတဲ့ ဆရာမတွေအတွက် နေစရာစီစဉ်ပေးတာမျိုးမဟုတ်ဘဲနဲ့ ပိုက်ဆံထောက်ပံ့ပေးလိုက်တာပေါ့နော် အဲ့လိုမျိုးလုပ်ပေးနေတာရှိမယ်။ နောက်တစ်မျိုးက ပညာရေးကသူတွေသူတွေနဲ့ ချိတ်ဆက်ပြီး ထောက်ပံ့ပေးတာမျိုးရှိတယ်။

VOM- CDMလုပ်နေတဲ့ လက်ရှိပညာရေးဝန်ထမ်းတွေရဲ့လစာနဲ့ ပါတ်သတ်ပြီး ပီတိကနေ ဘယ်လိုအကူအညီပေးမှာလဲ။
ပီတိ- အခုလကုန်လို့ ရှိရင်တော့ သူတို့အနေနဲ့ စိတ်ထဲမှာဒွိဟဖြစ်နေကြတယ်၊ အစိုးရဆီကနေ လစာရပါ့မလားပေါ့။ အဲ့လိုအတွက် စီစဉ်ထားပါတယ်။ ကျမတို့က သူတို့ရဲ့ အခြေခံလစာအပေါ်မူတည်ပြီး ပျမ်းမျှလစာတစ်ခု သတ်မှတ်လိုက်တယ်။ လိုအပ်တဲ့ ဆရာ၊ဆရာမတွေအပေါ် သတ်မှတ်တဲ့နှုန်းထားအလိုက် ကူညီပေးသွားမှာပါ။

VOM- အခုလိုထောက်ပံ့မှုတွေကို ဘယ်ကာလအထိ ထောက်ပံ့ပေးသွားမှာလဲ။
ပီတိ- အနည်းဆုံးတော့ သုံးလသက်တမ်းပေါ့နော် CDM က ရေရှည်ကြီးသွားမယ်လို့လည်း အတိအကျပြောလို့မရသေးဘူး။ ရေရှည်လာခဲ့မယ်ဆိုရင်တော့ဆက်ပြီး ကူညီသွားဖို့ ရှိပါတယ်။

VOM- ညီမတို့အနေနဲ့ CDMလုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေကိုပဲ ကူညီတာလား။ အခြား CDMလုပ်နေတဲ့ ဌာနဆိုင်ရာဆိုရင်ကော ဘယ်လိုကူညီပေးသွားမလဲ။
ပီတိ- ညီမတို့ဆီ ဆက်သွယ်လာတဲ့ ဝန်ထမ်းတွေကို အချက်အလက်တွေ တောင်းတယ်။ ပြီးတော့သေချာပြန်စစ်တယ် လက်ရှိအနေအထားကတော့ အတိအကျမသိသေးဘူး။ တစ်ယောက်တည်းက လာဆက်သွယ်ပြီး သူနောက်မှာ အယောက်သုံးရာပါလာတာမျိုး ညီမတို့က ပညာရေးကိုအဓိကထားပေမယ့် အခြားဌာနက လာပြီးဆက်သွယ်တာမျိုးလည်းရှိတယ်(ဥပမာ လျှပ်စစ် မီးသတ် ကျန်းမာရေးဝန်ထမ်း)တွေ။ အဲ့ခါကျရင် ညီမတို့က အခြားအဖွဲ့အစည်းတွေ ပြန်ချိတ်ပေးပါတယ်။ အချက်အလက်အတိအကျရလို့ ထောက်ပံ့ပေးရရင်တောင် လက်ရှိအနေအထားမှာ ငါးရာလောက်ရှိတယ်။ ဒါကတော့ ပညာရေးဝန်ထမ်းတွေကို ပြောတာပါ။

VOM- ပီတိအဖွဲ့အစည်းကို ဘယ်လိုဖွဲ့စည်းထားလဲ ရန်ပုံငွေကိုရော ဘယ်လိုရှာလဲ။
ပီတိ- လူဦးရေအနေနဲ့က အတိအကျပြောလို့မရဘူး ရှေမှာလုပ်နေတဲ့သူတွေရှိသလို အနောက်ကနေလုပ်နေတဲ့သူတွေလည်းရှိတယ်။ ထောက်ပံ့ပေးနေတဲ့သူတွေလည်းရှိတယ်။ လူငယ်တွေချည်းပဲ ဖွဲ့စည်းထားတာပါ။ ရန်ပုံငွေအနေနဲ့က ပီတီfb pageကနေရှာတယ်။ pageကနေတဆင့် ဒိုနာတွေကို လက်ခံတယ်။ အခြားအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ထားတယ်။ တကယ်လို့ ထောက်ပံ့ပေးရမယ့် လူဦးရေများလာမယ်ဆိုရင်တောင် အဆင်မပြေဘူး။ ဘတ်ဂျက် အရမ်းနည်းနေမယ်ဆိုရင် ကျန်တဲ့အဖွဲ့အစည်းတွေ ဝိုင်းပြီးထောက်ပံ့ပေးတာမျိုး အကုန်လုံးဝိုင်းဝန်းလုပ်ကြတာပေါ့။ ညီမတို့မှာ ၅၀ပဲရှိမယ်၊ လှူရမဲ့ ပမာဏက ၇၀ဆိုရင် ကျန်တဲ့ ၂၀ကို အခြားအဖွဲ့အစည်းတွေက ထောက်ပံ့ပေးမှာပါ။ အဲ့လိုတစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်ထားတာမျိုးရှိပါတယ်။ များသောအားဖြင့် အလှူရှင်တွေက FBpageကနေ လာလှူတယများပါတယ်။ ပြီးတော့ညီမတို့အနေနဲ့ လှည်းတန်း၊မြေနီကုန်း နေရာတော်တော်များများ၊ ရုံးတွေဘဏ်တွေရဲ့ရှေမှာ CDMမှာပါဝင်လှူဒါန်းနိူင်ကြောင်း စတေကာလေးတွေ ကပ်ထားပါတယ်။ လှူချင်ရင်ဆက်သွယ်ပါ CDMလုပ်လို့ အခက်အခဲဖြစ်ရင် ဆက်သွယ်ပါဆိုပြီးတော့ စာတွေကပ်ထားပါတယ်။

VOM- CDM အပေါ် ညီမတို့အဖွဲ့အစည်းအနေနဲ့ ဘယ်လိုမြင်လဲ အောင်မြင်မှုရနိူင်မယ်လို့ မျှော်လင့်လား။
ပီတိ- ညီမတို့ဆီ လက်ရှိဆက်သွယ်လာတဲ့ အနေအထားအရတော့ ပါဝင်နေကြတဲ့သူတွေက နည်းနည်းတော့ များတယ်။ တစ်ယောက်ချင်းစီ လာပြီးဆက်သွယ်တာရှိသလို မြို့နယ်အလိုက်လာပြီးဆက်သွယ်တာမျိုးရှိတယ်။ ပြီးတော့တက္ကသိုလ်ကဆရာဆရာမတွေလည်း ပါဝင်လာပြီလေ။ အလှူရှင်တွေကလည်း ဆက်ပြီးကြိုးစားပေးမယ်၊ ဝန်ထမ်းတွေကလည်း ဝိုင်းပြီးပူပေါင်းပေးကြမယ်ဆိုရင် အောင်မြင်နိူင်မယ်လို့ထင်တယ်။

VOM- ညီမအနေနဲ့ အခုအင်တာဗျူးမှာ ဖြည့်စွက်ပြီးပြောချင်တာရှိလား။
ပီတိ- အဓိက သူတို့ကို CDMမှာပေးပြီးသိစေချင်တာက CDMမှာပါဝင်ကြပါ။ ထောက်ပံ့ဖို့ အဖွဲ့အစည်းတွေနောက်ကွယ်မှာ ရှိနေပါတယ်ပေါ့။ ညီမတို့က ပညာရေးဝန်ထမ်းကိုပဲ အဓိကထားပေမယ့် အခြားဌာနကသူတွေလည်း ပီတီကိုလာပြီးဆက်သွယ်ပေးပါ။ ညီမတို့နောက်ကွယ်မှာလည်း အဖွဲ့အစည်းတွေအများကြီး ရှိနေတဲ့အတွက်ကြောင့် CDM ကိုအောင်မြင်အောင် နောက်ကွယ်ကနေ ထောက်ပံ့ပေးသွားပါမယ်။ ဒါကြောင့် CDMမှာ ဝန်ထမ်းများအားလုံးပူးပေါင်းပါဝင်ကြပါလို့ ပြောချင်ပါတယ်။

#VoiceOfMyanmar #VOM #CDMပညာရေးဝန်ထမ်း #ပီတိအဖွဲ့ #ထောက်ပံ့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW