လတ်တလော ပြည်တွင်းမှာ စက်သုံးဆီမပြတ်သေးပေမယ့် ဈေးတွေတက်လာနိုင်

ဖေဖော်ဝါရီ ၂၁-၂၀၂၁
သိင်္ဂီထွန်း(VOM)

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကို စက်သုံးဆီတင်သွင်းမှု ရပ်ဆိုင်းသွားခဲ့ပေမယ့် လတ်တလော ဆီသိုလှောင်မှု ပမာဏ အများအပြားရှိနေသေးတာကြောင့် ပြတ်လတ်မှုမရှိနိုင်ဘူးလို့ သိရပါတယ်။

ဒါပေမယ့် စက်သုံးဆီအများအပြားသိုလှောင်ထားတဲ့ ရန်ကုန်ကနေ နယ်ကိုစက်သုံးဆီပို့ဆောင်ပေးမယ့် သူတွေက CDM လုပ်နေတာကြောင့် စက်သုံးဆီတင်ပို့နိုင်မှုမရှိတဲ့အတွက် နယ်တွေမှာတော့ ဆီဈေးနူန်းတက်တဲ့ကိစ္စတွေဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးရေးအသင်းက တာဝန်ရှိသူဦးဝင်းနိုင်က “မြန်မာနိုင်ငံမှာဘယ်လောက်တိတိကျကျကျန်တယ်ဆိုတာကိုတော့ကျနော်တို့ လက်ကျန်ကိုမသိတဲ့အတွက်ပြောလို့မရပေမယ့် ကျနော် focus လုပ်လို့ရတာက ကိုဗစ်ကာလတစ်နှစ်လုံးမှာ ကျနော်တိုဆီကုန်သည်တွေဟာ ဆီအရောင်းအဝယ် အင်မတန်နည်းပါးတယ်။ တော်တော်လည်း မရောင်းရဘူး။ အဲ့ဒီအနေနဲ့ကျတော့ ဆီလက်ကျန်ဟာ ရန်ကုန်အနေနဲ့ဆို အများကြီးရှိပါတယ်။ တာမီနယ်တွေ သိုလှောင်ကန်တွေဘက်မှာ တော်တော်များများသိုလှောင်ထားတာရှိတယ်။ နယ်တွေမှာတော့ ဈေးတက်တာတွေ၊ ခွဲတန်းနဲ့ရောင်းတာတွေ ရှိနိုင်တယ်။ ဘာကြောင့်ဆိုရင် CDM ကြောင့် ကားတွေမသွားနိုင်ဘူး။ ဘောက်ဆာတွေနဲ့လည်းမပို့နိုင်ဘူး။ သင်္ဘောနဲ့လည်းမပို့နိုင်ဘူး။ အဲ့အခါကျတော့ Demand နဲ့ Supply အပေါ်မှာပဲမူတည်ပြီးတော့ ဆီနည်းတာများတာနဲ့ မဆိုင်တော့ဘဲ ဆီရောက်ရှိမှုပေါ်မူတည်ပြီးတော့ သူတို့တွေ ဈေးတွေရောင်းချမယ်လို့ သုံးသပ်ပါတယ်”လို့ ပြောပြပါတယ်။

စက်သုံးဆီ ရောင်းချတာနဲ့ပတ်သက်ပြီး ရောင်းချတဲ့ဈေးနှုန်းအပေါ်ကိုတော့ အသင်းအနေနဲ့ ရောင်းချရမယ့်ဈေးသတ်မှတ်ပြီး ထိန်းချုပ်တာမျိုးမရှိကြောင်း၊ နိုင်ငံတကာပေါက်ဈေးနဲ့ ပြည်တွင်းဈေးကို ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း၊ စက်သုံးဆီ ရောင်းချတဲ့ ကုမ္မဏီအကြီးအသေးလည်း ကွာခြားမှုရှိနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီကို အကန့်အသတ်နဲ့ရောင်းချပေးနေတယ်ဆိုတဲ့ကိစ္စကို အသင်းအနေနဲ့ အတည်မပြုနိုင်သလို၊ ရောင်းချနေတဲ့ စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့လည်း တရားဝင်ကြေငြာတာမျိုးမရှိသေးပါဘူး။

“အကန့်သတ်နဲ့ရောင်းချတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ဆီမှာဝယ်လို့ရတယ်၊ ကားဆီတိုင်ကီအပြည့်ထည့်ပေးပါတယ်”လို့ Yangon Petrol ဆိုင်ခွဲတစ်ခုမှ ဝန်ထမ်းကပြောပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရဲ့ စက်သုံးဆီ ကုမ္ပဏီကြီးဖြစ်တဲ့ Denko က ထုတ်ပြန်တဲ့ ဈေးကွက်နူန်းထားကတော့ အောက်တိန်း 92 က ၇၇၀ ၊အာက်တိန်း 95 က ၈၈၀ ကျပ်၊ ဒီဇယ်က ၈၁၀ ကျပ်၊ပရီမီယမ် ဒီဇယ်က ၈၂၀ ကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်ပြင်ပ နယ်လက်လီဈေးကွက်မှာတော့ ၉၂ တစ်လီတာကို ၁၀၀၀ ကျပ်အထိ ဈေးပေါက်နေပါတယ်။

“ဆီပန့်ဆိုင်မှာထည့်ရင် အရင်က ၁၀၀၀ ဖိုးဆို တိုင်ကီအပြည့်နီးပါးရတယ်။ ခုတဖြေးဖြေးနဲ့ ၁၅၀၀ဖိုးတောင် တိုင်ကီမပြည့်ဘူး။ လက်လီဆိုင်လေးတွေမှာဆိုရင် တစ်လီတာဗူးကို ၁၀၀၀ ဖြစ်နေပြီ။အရင်က ၆၀၀ လောက်ပဲရှိရာကနေ တဖြေးဖြေးတက်လာတာ”လို့ ပြည်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

ပြည်တွင်းရဲ့ စက်သုံးဆီ သုံးစွဲမှုနူန်းက ၁ လမှာ ဒီဇယ်နဲ့ ဓာတ်ဆီ တန်ချိန် ၆ သိန်းကနေ ၁ သန်း ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကတော့ ခုလို ပြည်ပကနေ စက်သုံးဆီ တင်သွင်းဖို့ အခက်အခဲဖြစ်နေချိန်မှာ ဒီဇယ်ဂါလန် ၁.၅ သန်းနဲ့ ဓာတ်ဆီ ဂါလန် ၅ သိန်းကို ရောင်းချပေးမယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။

Photo – Credit
#VoiceOfMyanmar #VOM #စက်သုံးဆီ #ဈေးတက်လာနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW