သတင်းမီဒီယာကောင်စီဝင် ၅ဦးထပ်ထွက်လို့ ၃ယောက်တည်းကျန်တာမို့ မီဒီယာကောင်စီပျက်ပြီ

မန္တလေး-ဖေဖေါ်ဝါရီ-၂၂-၂၀၂၁

Voice Of Myanmar

 

သတင်းမီဒီယာကောင်စီဝင် ၂၉ ဦးရှိတဲ့အနက် အားလုံးနီးပါးထွက်ရာက ၈ဦးကျန်ရာကနေ သမ္မတဦးဝင်းမြင့်ကိုယ်တိုင် အဆိုပြုခန့်အပ်ထားတဲ့ စာရေးဆရာ ထက်မြက် အမည်ရင်း ဦးကျော်နိုင်နဲ့ ၅ ဦးဟာ ဒီကနေ့ ထပ်မံထွက်စာတင်လိုက်တာမို့ ၃ယောက်သာကျန်ပါတော့တယ်။

 

ဒီကနေ့ထွက်စာတင်တဲ့ ဆရာထက်မြက်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အလိုကျခိုင်းစေတာ မလုပ်လိုတာကြောင့် ထွက်ရတာလို့ သူ့ရဲ့နုတ်ထွက်စာမှာ ဖေါ်ပြထားပါတယ်။ ဆရာထက်မြက်ကို VOM ကဆက်သွယ်မေးကြည့်တော့

 

“သတင်းမီဒီယာကောင်စီဟာ ဒီမိုကရေစီရှင်သန်ရေးအတွက် မီဒီယာသမားတွေကို ကာကွယ်ဖို့ဖွဲ့ထားတာခုတော့ မီဒီယာကိုပစ်မှတ်ထားပြီး ရန်သူသဖွယ် ဖိနှိပ်နေတာမျိုး မီဒီယာကောင်စီက ဘယ်လိုမှအကာကွယ်မပေးနိုင်လို့  သတင်းလွတ်လပ်ခွင့်ကိုချိုးဖေါက်နေတာကို လက်မခံနိုင်လို့ထွက်တာပါ ၊ ပြောရရင်မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာ မလိုလားဘူး ၊ ဒီမိုကရေစီကို ပိုပြီးအကျိုးပြုနိုင်ဖို့ သမ္မတကြီးဦးဝင်းမြင့်က  မီဒီယာကို ကာကွယ်ဖို့ ခန့်အပ်ထားတာမှာခုတော့

အာဏာသိမ်းစစ်ကောင်စီအလိုကျဖြစ်တော့မှာမို့ မလုပ်လိုတာကြောင့် ထွက်တာပါ” လို့ဆိုပါတယ်။

 

ဆရာထက်မြက်ဟာ ဦးနေဝင်း အာဏာသိမ်းပြီးနောက် ကိုကိုကျွန်းပို့ခံရတဲ့ ဆရာမြသန်းတင့်၊ ဗန်းမော်တင်အောင်၊ ဖိုးသံချောင်း၊ ဦးခင်မောင်မြင့်၊ ဦးမျိုးထွဋ် နဲ့အတူ ကျွန်းပိတ်သိမ်းရေးအစာငတ်ခံဆန္ဒပြရာမှာလည်း ပါဝင်ခဲ့သူတဦးဖြစ်ပါတယ်။

 

ကောင်စီစဖွဲ့ချိန်က ၂၉ ဦး နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး( ၂ ဦးကွယ်လွန်၊ တစ်ဦးနှုတ်ထွက်) တာကြောင့် ၂၆ ဦးကျန်ရှိရာ ခုတော့  ဒေါက်တာမျိုးသန့်တင်၊ စာရေးဆရာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်) ၊ ဦးမင်းဟန်တို့ ၃ ဦးသာ ကျန်တော့တာဖြစ်ပါတယ်။

 

မီဒီယာကောင်စီမှာ ၂၉ ယောက်နဲ့ဖွဲ့ပြီး အနည်းဆုံး ၁၅ ယောက်ရှိမှ ဆက်လက်ရှင်သန်လို့ ရမှာမို့  ခုလို ၃ယောက်တည်းရှိတယ်ဆိုရင် ကောင်စီပျက်ပြီလို့ ယူဆလို့ရကြောင်း နုတ်ထွက်သူတွေက ဆိုပါတယ်။ ပြန်လည်ရွေးချယ်မယ်ဆိုရင်လည်း ကောင်စီအတွက်ရွေးချယ်ရေးကော်မရှင်ကလည်း မရှိသလောက် ဖြစ်နေတာမို့ ပြန်ဖွဲ့မရနိုင်သလို မရ ရအောင် ဖွဲ့မယ်ဆိုရင်လည်း ကောင်စီကိုဖွဲ့ပြီးရင် သမ္မတရဲ့ အသိအမှတ်ပြုမှုလိုဦးမှာမို့ သမ္မတမရှိရင် မီဒီယာကောင်စီဆိုတာ ဖြစ်မလာနိုင်ဘူးလို့လည်း မီဒီယာကောင်စီဝင်တွေက ဆိုကြပါတယ်။

 

#voiceofmyanmar #VOM #သတင်းမီဒီယာကောင်စီ

 

Related posts

Leave a Comment

VOM News

FREE
VIEW