CDM ပြုလုပ်တဲ့ ရွှေပြည်သာမြို့နယ်ထွေအုပ်ရုံးက အကြီးတန်းစာရေးပါ ၁၃ဦးကို ရာထူးက ယာယီရပ်ဆိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃-၂၀၂၁
အေးချမ်းသူ(VOM)

နစအကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် လုပ်ငန်းခွင်မဝင်ဘဲ CDM ပြုလုပ်နေတဲ့ ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေးပါ ၁၃ဦး ဖေဖော်ဝါရီ ၁၉ရက်နေ့ကစပြီး တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရတယ်လို့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတဦးကနေ သိရပါတယ်။

CDM မှာ ပါဝင်တဲ့ အငယ်တန်းစာရေး(ရပ်ကျေး)ဝန်ထမ်းအမျိုးသားက “အခု ၁၉ရက်နေ့မှာပဲ ရုံးကစာထုတ်တာပါ။ စလုပ်တုန်းက ၁၅ယောက် ၂ယောက်က ရုံးပြန်တက်တယ် ၁၃ယောက်ပေါ့ တာဝန်က ယာယီရပ်ဆိုင်းထားတာ” လို့ VOMကို ပြောပါတယ်။

CDM ပြုလုပ်ခြင်းဟာ ပါတီနိုင်ငံရေးကြောင့်မဟုတ်ဘဲ ကိုယ့်စိတ်သဘောအလျှောက် ပြုလုပ်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်တစ်စုံတစ်ရာပေးလာရင် ငြင်းဖို့မရှိဘဲ နောင်တရမှာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

အငယ်တန်းစာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက “အခုကိစ္စနဲ့ပတ်သက်ပြီး ဌာနဘက်က ဘယ်လိုအရေးယူမလဲတော့မသိနိုင်ဘူးပေါ့နော်။ အလွန်ဆုံးအလုပ်ထုတ်မှာပေါ့။ ညီမတို့ကလည်း CDM ကိုစပြီးကျင့်သုံးတဲ့အချိန်ကစပြီး အလုပ်ပြုတ်နိုင်တယ်ဆိုတဲ့အထိ တွေးထားပြီးသားပါ၊ အဲ့ဒါအတွက် ကိုယ်တွေမှန်ကန်တဲ့ဘက်က ပြည်သူနဲ့အတူရပ်တည်ဖို့ ဆုံးဖြတ်ပြီးလုပ်ခဲ့တဲ့ လုပ်ရပ်အတွက်လည်း တာဝန်ကအပြီးအပိုင်ရပ်နားရမယ်ဆိုလည်း နောင်တမရပါဘူး”လို့ ပြောပါတယ်။

ရွှေပြည်သာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေးပါ ၁၅ဦးဟာ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကစပြီး လုပ်ငန်းခွင်မဝင်တော့ဘဲ CDM ပြုလုပ်ခဲ့ရာကနေ နှစ်ဦးက ရုံးပြန်တက်ခဲ့လို့ ၁၃ဦးပဲ ကျန်တော့တာဖြစ်တယ်လို့ သိရပါတယ်။

ယာယီအလုပ်ရပ်ဆိုင်းထားတဲ့ အဲ့ဒီ အကြီးတန်းစာရေးပါ (၁၃)ဦးကို ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ဒီနေ့မှာ ထုချေလွှာ နောက်ဆုံးထားပြီးပေးပို့ခိုင်းထားတယ်လို့ သိရပါတယ်။

တပ်မတော်က အာဏာရယူပြီးနောက် ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်၊ လမ်းမတော်၊ ကော့မှုး၊ ထန်းတပင်၊ သန်လျင်၊ တွံတေး၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံ၊ မင်္ဂလာဒုံနဲ့ မြောက်ပိုင်းခရိုင် စတဲ့မြို့နယ်တွေရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းအချို့ဟာ CDM မှာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁၁ရက်နေ့ကလည်း ကွမ်းခြံကုန်းမြို့နယ်က အကြီးတန်းလက်နှိပ်စက်စာရေးပါ ၁၇ ဦးကို လုပ်ငန်းခွင်မဝင်ဘဲ CDM ပြုလုပ်တာကြောင့်ဆိုပြီး တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရပါသေးတယ်။

photo – crd
#VoiceOfMyanmar #VOM #ထွေအုပ်ဝန်ထမ်း #တာဝန်ကရပ်ဆိုင်း #ရွှေပြည်သာမြို့နယ်

Related posts

Leave a Comment

VOM News

FREE
VIEW